ကရင်ပြည်နယ်တွင်

October 20, 2017

ကရင်ပြည်နယ်တွင် ​​သီးနှံဖျက်ပိုးများ ကာကွယ်ရန်​ ​နည်းပညာပေးအဖွဲ့များ ​စေလွှတ်

သီးနှံရိတ်သိမ်းချိန်မှာ ကျရောက်နေတဲ့ ဖျက်ပိုးနဲ့ ကြွက်တွေ ဖျက်ဆီးမှုကို ကာကွယ်ဖို့နဲ့ နည်းပညာ ပေးနိုင်ဖို့အတွက် ဒေသအသီးသီးကို တိုးချဲ့နည်းပညာပေးအဖွဲ့တွေ စေလွှတ်ထားတယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ”ပြီးခဲ့တဲ့လတွေက သံတောင်ဘက်မှာ မိုးကြီးပြီး တောင်ပြိုတာမျိုးတွေကြောင့် စိုက်ခင်းတွေ ထိခိုက်တာရှိတယ်၊ ပြီးတော့ တောဝက်နဲ့ ကြွက်တွေကြောင့် ချဉ်ပေါင်ဖာလာခင်းတွေ ပျက်စီးတာမျိုးလည်းရှိတယ်၊ ဒီတော့ နည်းပညာအဖွဲ့တွေ စေလွှတ်ထားတယ်။ ပိုးမွှားတွေကြောင့် သီးနှံအထွက်နှုန်း မကျအောင်ရယ်၊ နောက်စိုက်မဲ့ သီးနှံအတွက် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးလာနိုင်ဖို့ကို ရည်ရွယ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ နည်းပညာပေးအဖွဲ့ ၁ ဖွဲ့ကို ၁၃ ဦးနဲ့ အဖွဲ့ ၆ ဖွဲ့ ဖွဲ့စည်းပြီး သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ဘောဂလိမြို့၊ ဖာပွန်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တန်ခွန်တိုင်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊  ဘုရားသုံးဆူမြို့နယ်တွေကို သွားရောက်ကျမယ်လို့ သိရပါတယ်။ တိုးချဲ့ပညာပေးရေးအဖွဲ့က စိုက်ခင်းတွေရဲ့ အခြေအနေကို စစ်တမ်းကောက်တာ၊ သီးနှံကာကွယ်ရေးအတွက် နည်းပညာပေးတာ၊ မျိုးကောင်းမျိုးသန့် ရရှိဖို့နဲ့ သီးနှံအထွက် တိုးရေးအတွက် တောင်သူတွေနဲ့ တိုက်ရိုက်ဆွေးနွေးပြီး တောင်သူတွေရဲ့လိုအပ်ချက်ဖြစ်တဲ့ သီးနှံပင်တွေ၊ ကြွက်ထောင်ချောက်တွေ၊ ပိုးသတ်ဆေးနဲ့ သဘာဝ ပိုးသတ်ဆေးပြုလုပ်နည်းတွေကို လက်တွေ့ပညာပေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တောင်သူ ဦးဝင်းနေ (ကမမောင်းမြို့) က “ဒီမှာတော့ `ကြွက်ကျတယ်လို့တော့ သိပ်မရှိသေးဘူး။ ဒါပေမယ့် တချို့အကွက်တွေက စပါးစိုက်ပြီးနေပြီ။ တချို့ဆိုလည်း သီးနေပြီ ဆိုတော့ ကြွက်နဲ့စာကလေးလို အကောင်တွေကို ဂရုစိုက်ရမယ်” လို့ ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်ကျေးရွာတွေကို နည်းပညာပေးအဖွဲ့ စေလွှတ်ရာမှာ နှစ်ဖက် ညှိနှိုင်းပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းမဆို လယ်ယာကဏ္ဍအတွက် ဖိတ်ကြားလာရင် ကွင်းဆင်းကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြည်နယ်ညွှန်ကြားရေးမှူးက ပြောပါတယ်။ ရဲမင်းခေါင်
3 years Ago

June 16, 2017

ကရင်ပြည်နယ်တွင် လူငယ်တဦး မီးလောင်ကျွမ်းသေဆုံး

ကရင်ပြည်နယ် ဘားအံမြို့နယ် ၀ဲကရင်ကျေးရွာမှာ ဇွန် ၁၆ ရက် နံနက် ၃ နာရီခွဲလောက်က အိမ်မီးလောင်မှုဖြစ်ပွားပြီး အိမ်ရှင်ရဲ့အသက် ၂၀ အရွယ်သားငယ် မီးလောင်သေဆုံးခဲ့ပါတယ်။ မြ၀တီ-ဘားအံကားလမ်းနဘေးမှာ လူမနေတဲ့ ဦးဝင်းထွေးရဲ့ အုတ်ကာသွပ်မိုးနေအိမ် မီးလောင်မှုဖြစ်ပွားရာမှာ သားဖြစ်သူ ကေသာ(ခ)ကိုပိုင်ကို မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့ပါတယ်။ မီးလောင်မှုကို စတင်တွေ့ရှိခဲ့တဲ့ အိမ်နီးချင်းဖြစ်သူ ဦးခနောင်ကျော်က “လူအော်သံ ကြားတယ်။ဒါနဲ့ ကျနော်က သူခိုးလိုက်တယ် ထင်လို့ ထကြည့်တော့ မီးလောင်နေတာကို တွေ့တာ။ မီးလောင်တဲ့ အိမ်ဖက်က အော်သံလည်း ကြားနေရတယ်။ မီးကလည်း တအိမ်လုံးကိုလောင်နေပြီ။ ဒါနဲ့ အိမ်နီးချင်းတွေကို လိုက်နှိုးပြီး မီးငြိမ်းဖို့ လုပ်ကျတယ်။ သက်ဆိုင်ရာနဲ့ မီးသတ်ကိုလည်းအကြောင်းကြားလိုက်တယ်။ နောက်ပြီး ဒီအိမ်က လူမနေဘူး။ အိမ်ထဲက အော်သံကလည်း အိမ်ရှင်သားဆိုတာ မီးငြိမ်းမှ သိရတယ်”လို့ ပြော ပြပါတယ်။ မီးလောင်သေဆုံးခဲ့တဲ့ သားဖြစ်သူနဲ့ပတ်သက်လို့ အိမ်ရှင်ဖြစ်သူ ဦးဝင်းထွေး ပြောပြချက်အရ မီးလောင်တဲ့နေအိမ်မှာ လူမနေဘဲ သော့ခတ်ထားကြောင်း၊ လွန်ခဲ့တဲ့ ၅ ရက်လောက်က သားဖြစ်သူမှာ ဆေးကြောင်ပြီး နေအိမ်က ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုကို သာယာကုန်းရဲကင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ၊ သာမညကျေးရွာက အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးခန့်၊ သာမည၊ ၀ဲကရင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံပြည်သူတွေက မီးသတ်ယာဉ် ၁ စီးနဲ့ ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် ငွေကျပ်  ၂၅ သိန်းဖိုးခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းနဲ့ မီးပေါ့ဆစွာသုံးစွဲသူကို ရဲက စုံစမ်းဆဲဖြစ်ကြောင်းသိရပါတယ်။  အိန္ဒုနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ မီးပေါ့ဆမှုနဲ့ အမှုဖွင့်လှစ်ဆောင်ရွက်နေပါတယ်။ ရဲမင်းခေါင်
4 years Ago
More News
Up