ကရင်အမျိုးသမီး

February 23, 2019

ကရင်အမျိုးသမီးငယ်များ ဂျပန်နည်းပညာဖြင့် ဂျပ်ခုတ်ပိုးချည်မျှင်လက်ယက်နည်း မိတ်ဆက်

ကရင်အမျိုးသမီးငယ်တွေ ပိုးချည်မျှင်လက်ယက်ကန်း ထုတ်လုပ်နည်းနဲ့ အရည်အသွေးမြှင့် ပိုးချည်မျှင်ထုတ်လုပ်တဲ့ ဂျပန်နည်းပညာအား ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို မိတ်ဆက်ဖြန့်ဖြူးပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်၊ မနက်ပိုင်းက ဘားအံမြို့နယ်၊ ရွှေပြည်တောင်ကျေးရွာ၊ ကမော့ကပိုမျိုးသန့်ခြံမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို တောင်သူတွေ ပိုးစာစိုက်ပျိုးထုတ်လုပ်ခြင်းဖြစ် ၀င်ငွေပိုမိုရရှိစေဖို့၊ ပိုးစာနဲ့ပတ်သက်တဲ့ ၀ိုင်၊ ပိုးကောင်ကျော်၊ ပိုးစာလက်ဖက်ခြောက်တွေက ၀င်ငွေရရှိစေဖို့၊ ကရင်အမျိုးသမီးငယ်တွေ အိမ်နဲ့မကွာ ဂျပ်ခုတ်လုပ်ကိုင်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့၊ သာမန်ဂျပ်ခုတ်ယက်လုပ်ခထက် ၀င်ငွေပိုမိုရရှိစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဒုတိယအတွင်းဝန် Mr.Keisuke Amimoto က “အားလုံးသိတဲ့အတိုင်းပဲ၊ ဒီဒေသက ဖွံဖြိုးတိုးတက်မှုက နောက်ကျနေတဲ့ဒေသဖြစ်တယ်။ ဒီဒေသမှာ နိုင်ငံခြားက ကုမ္ပဏီတခုကလာပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကို အထောက်အကူ ဖြစ်စေတဲ့ အချက်တချက်ဖြစ်မယ် လို့ ယုံကြည်တယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က “စံပြနမူနာကောင်းယူတတ်ဖို့လည်း လိုတယ်။ သူတို့ဆီကလာတဲ့ နည်းပညာတွေကို အကုန်လုံးရှိသမျှလူတွေက လေ့လာနိုင်ရင် ပိုပြီးတော့ ထိရောက်တဲ့အတွက်ကြောင့် ကြိုးစားပမ်းစား ဆောင်ရွက်စေချင်တယ်”လို့ ပြောပါတယ်။ Daimatsu ကုမ္ပဏီ၊ ဥက္ကဋ္ဌ Mr. Keiji Fujii က “ပိုးထည်အသုံးပြုတဲ့ လူတွေများပြားလာတယ်။ အဲလိုများပြားလာတဲ့အခါမျိုးမှာ ဒီပိုးထည်ကိုထုတ်လုပ်ဖို့အတွက် ပိုးမွေးမြူတဲ့ လူတွေ အများကြီးလိုအပ်လာတယ်။ တကမ္ဘာလုံး လိုအပ်လာမှာ” လို့ ပြောပါတယ်။ အဆိုပါစီမံကိန်းကို ကရင်ပြည်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနက ကြီးကြပ်ပြီး JICA၊ Dimatsu ကုမ္ပဏီ၊ JAPAN Sita တို့က ပိုးစာပင်စိုက်ခင်း၊ ပိုးချည်ထုတ်လုပ်မှု နည်းပညာတွေကို ကူညီထောက်ပံ့ပေးတာပါ။ ၂၀၂၀ ခုနှစ်အထိ ၅ နှစ်တာအတွင်း ဂျပန်ယန်းသန်းပေါင်း ၈ သန်းပမာဏကို ထောက်ပံ့ဖို့ လုပ်ဆောင်နေပြီး အထူးဦးစားပေးအစီအစဉ်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ တိုင်းရင်းသားဒေသတွေအတွက် ၅ နှစ်တာအထိ ယန်းသန်း ၄ သောင်း ထောက်ပံ့မှုတွေ ပေးထားတယ်လို့ တာဝန်ရှိသူကပြောပါတယ်။ အဆိုပါအခမ်းအနား မဖွင့်လှစ်မီ ကရင်ပြည်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာနနှင့် Grater Mekong Subregion Agriculture and Education Development Center(GMSAEDC) တို့ ပူးပေါင်းပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး စီမံကိန်းအစီအစဉ်နဲ့ထောက်ပံ့ပေးအပ်တဲ့ သင်တန်းဆောင်နဲ့ နားနေဆောင်ဖွင့်ပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ရဲမင်းခေါင်
2 years Ago

February 7, 2017

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရေး ကရင်အမျိုးသမီးများဆုံးဖြတ်

  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ဒီထက်ပိုမိုပါဝင်ဆွေးနွေးခွင့်ရရှိဖို့နဲ့ နိုင်ငံရေးဆိုင်ရာ အရေးကြီးကဏ္ဍတိုင်းမှာ ကရင်အမျိုးသမီးတွေက ကဏ္ဍအလိုက် ပိုမိုပါဝင်ဆွေးနွေးသွားမယ်လို့ ကရင်အမျိုးသမီး နှီးနှောဖလှယ်ပွဲအပြီး ကရင်အမျိုးသမီးထုက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှုကို ဘေးဖယ်ထားတဲ့အတွက် အခုလို ကရင်အမျိုးသမီးတွေ တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်လာနိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာလို့ နှီးနှောဖလှယ်ပွဲတက်ရောက်ခဲ့တဲ့ နော်အုန်းလှက ပြောပါတယ်။ “အမျိုးသမီးတွေရဲ့ အသံတွေ ပါဝင်မှု လိုအပ်လာပြီလို့ ယူဆတဲ့အတွက် လက်ရှိမှာလည်း ငြိမ်းချမ်းရေး လိုအပ်တာက အမျိုးသမီးတွေ ဒုက္ခသည်စခန်းမှာ အများကြီးရှိသလို နယ်စပ်မှာ စစ်ဒဏ်ခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိတဲ့အခါကျတော့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်မှု လိုအပ်တယ်။ လက်ရှိသွားမယ့် ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲမှာလည်း အမျိုးသမီးအသံ ပါဝင်ဖို့ လိုအပ်တဲ့အတွက် ဒါကို အမျိုးသမီးတွေအနေနဲ့ ထုတ်ပြန်တာ။” ဒါ့အပြင် ပြည်တွင်းစစ်ကြောင့် ဒုက္ခအခံရဆုံးသူတွေဟာ အမျိုးသမီးတွေဖြစ်တဲ့အတွက် ဒေသအသီးသီးက အခြေအနေ အခက်အခဲတွေက အမျိုးသမီးတွေရဲ့ နစ်နာမှုတွေကို ပိုပြီးပြောပြနိုင်မှာ ဖြစ်သလို ဘယ်လိုအခြေအနေကျမှ ငြိမ်းချမ်းမယ်ဆိုတာ အမျိုးသမီးတွေ ပိုသိတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှု လိုအပ်တာလို့လည်း  ပြောပါတယ်။ ဒါ့အပြင် အခြေခံလူထုကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်ကျင်အရေး၊ ဒုက္ခသည်နေရပ် ပြန်လည်ချထားရေးနဲ့ ဘ၀ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာလည်း ကရင်အမျိုးသမီးထုတွေက အားကောင်းစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့လည်း ကတိပြုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ “အမျိုးသမီးတွေက သူတို့ ကွန်မြူနတီမှာရှိတဲ့အလုပ်တွေဆိုရင် အောက်ခြေပိုင်းဆိုင်ရာတွေမှာ သူတို့က နားလည်တယ်။ ကွန်မြူနတီမှာ ဘာပြသနာတွေဖြစ်နေလဲ သူတို့က တထောင့်တနေရာမှာ ဖြေရှင်းတဲ့အပိုင်းမှာ ပါဝင်ခဲ့တယ်။ ဒါကြောင့်ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသားတွေကြီးပဲ ပါဝင်တာမျိုး မဟုတ်ဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေလည်းပါဝင်ဖို့ အရေးကြီးဆိုတာ မြင်လာတာပေါ့နော်”လို့ နှီးနောဖလှယ်ပွဲ တက်ရောက်ခဲ့တဲ့ နော်ထူးထူးက ပြောပါတယ်။ ဒုတိယအကြိမ်မြောက် ကရင်အမျိုးသမီး နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ရက်ထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကေအန်ယူနယ်ထိန်းချုပ်နယ်မြေ  လေးဝါးစခန်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲမှာ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးက အမျိုးသမီးကိုယ်စားလှယ်တွေ  ကရင်ဒေသအသီးသီးက ကရင်အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပနဲ့ နယ်စပ်ဒေသက အမျိုးသမီးနဲ့ လူအခွင့်အရေးလှုပ်ရှားသူ ၁၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ ပထမအကြိမ် ကရင်အမျိုးသမီး နှီးနှောဖလှယ်ပွဲကို ၂၀၁၂ ခုနှစ်က ကျင်းပခဲ့တာ ဖြစ်ပြီး နယ်စပ်ဒေသက အမျိုးသမီးအဖွဲ့အစည်းတွေသာ ပါဝင်တက်ရောက်နိုင်ခဲ့ပြီး ခုကျင်းပတဲ့ ဒုတိယအကြိမ်မှာတော့ ဒေသစုံက အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်တာ ဖြစ်ပါတယ်။
4 years Ago
Up