ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်

August 27, 2020

ဂျပန်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၅၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တားဆီးကာကွယ်ရေးအစီအမံတွေကြောင့် ဂျပန်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၅၅ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးလေယာဉ်ဟာ ဒီနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ က တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံကို ကာလတိုဗီဇာနဲ့ အလည်အပတ်လာရောက်ပြီး မြန်မာနိုင်ငံကို အချိန်မီ ပြန်လည်မထွက်ခွာနိုင်သူတွေ၊ ပညာတော်သင်တွေ၊ အလုပ်အကိုင်အခက်အခဲရှိသူတွေ၊ ကျန်းမာရေးအရပြန်လိုသူတွေ၊ အလုပ်သင် သင်တန်းပြီးဆုံးသူတွေ၊ မှီခိုသူမိသားစုဝင်တွေနဲ့ မြန်မာသင်္ဘောသားအပါအဝင် စုစုပေါင်း ၁၅၅  ဦး ပါရှိပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးလေယာဉ်မှာ ဂျပန်အစိုးရဲ့ ODA/JICA အကူအညီနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ အရှေ့-အနောက် စီးပွားရေးစင်္ကြန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ဆက်သွယ်ရေးကွန်ရက် အဆင့်မြှင့်တင်ရေးစီမံကိန်း၊ သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းတို့မှာ တာဝန်ထမ်းဆောင်ကြမယ့် ဂျပန်ပညာရှင်/ ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်မြို့၊ ဂျပန်သံရုံးက ဝန်ထမ်းတွေ စုစုပေါင်း ၂၈ ဦးတို့လည်း လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ- MOFA
1 year Ago

July 14, 2020

မြန်မာနိုင်ငံသား ၁၁၂ ဦးကို အင်ချွန်းလေဆိပ်မှ ရန်ကုန်ကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ပို့

ကိုရီးယားသမ္မတနိုင်ငံနဲ့  တခြားနိုင်ငံတချို့မှာ  အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၁၁၂ ဦးကို အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ဒီကနေ့ညနေ  ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနဲ့ တခြားနိုင်ငံတချို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာပါ။ ကယ်ဆယ်ရေးလေယာဉ်မှာ ကိုရီးယားရောက်  မြန်မာနိုင်ငံသား ၃၆ ဦး၊  အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ဂျပန်၊ အီဂျစ်၊ ဒိန်းမတ်၊ ဗီယက်နမ်၊ အီရတ်၊ ဟန်ဂေရီနဲ့ ဂျာမနီနိုင်ငံတို့ကနေ ရောက်လာတဲ့  မြန်မာနိုင်ငံသား ၅၇ ဦးနဲ့  မြန်မာသင်္ဘောသား ၁၉ ဦး၊ စုစုပေါင်း ၁၁၂ ဦးတို့ လိုက်ပါသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးမှုလုပ်ငန်းမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေတဲ့ ကိုရီးယားနိုင်ငံမှ စီးပွားရေးပညာရှင် ၁၃ ဦး၊ ဗြိတိန်နိုင်ငံမှ သံတမန်မိသားစုဝင်  ၂ ဦးနဲ့ ပြင်သစ်နိုင်ငံမှ ဝန်ထမ်း ၄  ဦး ၊ စုစုပေါင်း ၁၉ ဦး လိုက်ပါသွားကြပါတယ်။ ဓာတ်ပုံ-MOFA
1 year Ago
Up