ကယ်လီဖိုးနီးယားတောမီးကြောင့် မြေဧက ၂ သိန်းကျော်နှင့် အဆောက်အဦ ၁ ထောင်ကျော် ပျက်စီး

December 13, 2017

ကယ်လီဖိုးနီးယားတောမီးကြောင့် မြေဧက ၂ သိန်းကျော်နှင့် အဆောက်အဦ ၁ ထောင်ကျော် ပျက်စီး (ရုပ်သံ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တပတ်လောက် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် မြေဧက ၂ သိန်း ၃ သောင်းကျော်နဲ့ အဆောက်အဦ ၁ ထောက်ကျော် လောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။ လေတိုက်နှုန်းပြင်းထန်နေတာကြောင့် အကြီးအကျယ်လောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမားတွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း အပြင်းအထန် ငြှိမ်းသတ်နေကြရပါတယ်။ ထောမတ်ဖိုင်းယားလို့ နာမည်ပေးထားတဲ့ တောမီးဟာ ပြီးခဲ့တဲ့သီတင်းပတ်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့အနီးက ဗန်ကျူရာဒေသနဲ့ ဆန်တာဘာဘရာ ဒေသတွေမှာ ဆက်လက်လောင်ကျွမ်းနေတာပါ။ မီးလောင်လွယ်တဲ့ ရာသီဥတုကြောင့် မီးလောင်မှုအရှိန် ပြင်းထန်နိုင်ပြီး ဘာဘရာဒေသအပြင် ဆန်းမားလန်းဒေသ နေသူတွေကို ခြိမ်းခြောက်နိုင်တယ်လို့လည်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တောနဲ့ မီးသတ်ဌာနက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားပါတယ်။ လေတိုက်နှုန်းပြင်းထန်နေတာနဲ့ တောတောင်ထူထပ်တာကြောင့် မီးသတ်သမားတွေအနေနဲ့ မီးငြှိမ်းသတ်ဖို့ အခက်အခဲ ဖြစ်နေတာပါ။ အခုလောင်ကျွမ်းနေတဲ့ တောမီးကို မီးသတ်သမား ၆ ထောင်ကျော် ငြှိမ်းသတ်နေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up