ကယ်လီဖိုးနီးယားတွင် တောမီး အပြင်းအထန်လောင်ကျွမ်း၊ ဒေသခံ ၈ သောင်းကျော် အရေးပေါ်ပြောင်းရွှေ့

A d v e r t i s e m e n t With Us

October 10, 2017

ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်း၊ အနည်းဆုံး လူ ၁၀ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းက ဝိုင်ချက်လုပ်ရာဒေသတွေမှာ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းက တောမီးလောင်ပြီး နေရာအတော်များများကို အလျှင်အမြန် ကူးစက်ကာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ မီးလောင်မှုအတွင်း အိမ်ခြေ ထောင်နဲ့ချီ ပျက်စီးပြီး ဒေသခံတွေကိုလည်း ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရသလို ပြည်နယ်တွင်း အရေးပေါ်အခြေအနေကိုလည်း ကြေညာခဲ့ရပါတယ်။ လေပြင်းပင့်တိုက်လို့ မီးဟာ ဝိုင်ချက်လုပ်ရာမြို့တွေဖြစ်တဲ့ နာပါ၊ စိုနိုမာနဲ့ ယူမာမြို့နယ်တွေကို လောင်ကျွမ်းခဲ့တာလို့ ပြည်နယ် မီးသတ်အရာရှိတွေကို ကိုးကားပြီး အန်ဘီစီ သတင်းဌာနက ဆိုပါတယ်။ စိုနိုမာမြို့မှာ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ အောက်တိုဘာ ၈ ရက် နှောင်းပိုင်းက နာပါမြို့နယ်အတွင်း ဧက ၂၀၀ လောင်ကျွမ်းခဲ့လို့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တာပါ။ အဲဒီနောက် ဒုတိယမီးက စိုနိုမာမြို့နယ်မှာ လောင်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ ဒေသတွင်း နောက်ထပ် နေရာ ၂ ခုမှာလည်း မီးလောင်နေပြီး မီးတောက်အမျိုးမျိုးက မီးခိုးတွေဟာ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသရဲ့ အစိတ်အပိုင်းအားလုံးမှာ ဖုံးလွှမ်းနေတယ်လို့လည်း ဆိုပါတယ်။ မီးလောင်မှုတွေကြောင့် အိမ်တွေ၊ ကုန်တိုက်တန်းတွေ၊ ဆေးရုံတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ နာပါမြို့နယ် ငြိမ်ဝပ်ပိပြားရေးရုံးက ဆိုပါတယ်။ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်နဲ့ လေပြင်းတွေ ဆက်တိုက်နေလို့ ဒေသတွင်း အနီရောင်အဆင့် သတိပေးချက်ကို မီးသတ်အရာရှိတွေက ထုတ်ပြန်ထားပါတယ်။ အနီရောင်သတိပေးချက်ဟာ ဒေသတွင်း မီးဘေးသင့်မှု တိုးလာနေဆဲဆိုတဲ့ အမှတ်လက္ခဏာလို့ အန်ဘီစီရုပ်သံက ပြောပါတယ်။
3 years Ago

September 28, 2016

ကယ်လီဖိုးနီးယားတွင် တောမီးအပြင်းအထန်လောင်ကျွမ်း၊ ဒေသခံ ၃၀၀ ခန့် အရေးပေါ်ပြောင်းရွှေ့ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းက ဆန်တာခရုတောင်ပေါ်မှာ စက်တင်ဘာ ၂၆ ရက်ညက တောမီးတွေ အပြင်းအထန် လောင်ကျွမ်းနေလို့ ပတ်ဝန်းကျင်မှာနေထိုင်သူ ၃၀၀ လောက် အရေးပေါ် ပြောင်းရွှေ့ခဲ့ကြပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့အထိ တောခြောက်ဧက ၁၀၀၀ လောက် မီးလောင်ကျွမ်းသွားပြီး အနီးပတ်ဝန်းကျင်က လူနေအဆောက်အဦ ၃၀၀ လောက်ကို မီးကူးစက် လောင်ကျွမ်းနိုင်ခြေရှိတယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၂၀၀ ကျော် မီးငြှိမ်းသတ်နေကြပြီး တောမီးရဲ့ ၅ ရာခိုင်နှုန်းကိုပဲ ထိန်းချုပ်နိုင်သေးတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ တချိန်တည်းမှာပဲ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာလည်း တောမီး လောင်ကျွမ်းနေပြီး အဝေးပြေးကားလမ်း၊ လူနေရပ်ကွက်တွေနဲ့ နီးကပ်နေပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ရာသီဥတု ပူပြင်းခြောက်သွေ့လွန်းတဲ့အတွက် နေရာအတော်များများမှာ တောမီးတွေ လောင်ကျွမ်းနေတာပါ။ အခုနှစ်ထဲမှာပဲ တောမီးကြောင့် ပြည်နယ်တ၀န်း သစ်တောဧက ၂ သိန်းကျော် လောင်ကျွမ်းခဲ့ပါတယ်။ ဒါဟာ အရင်နှစ်ကထက် သစ်တောဧက ၁ သိန်း ပိုလောင်ကျွမ်းခဲ့တာလို့ ပြည်နယ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
4 years Ago
Up