အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားကမ်းခြေမှာ ဧရာမ ဝေလငါးကြီးတကောင်ဟာ ဧပြီ ၂၄ ရက်နေ့က သောင်တင်နေခဲ့ပြီးနောက် လာရောက်ကြည့်ရှုသူတွေ များပြားလာခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဒီဝေလငါးသေကောင်ကြီးကို ပင်လယ်ထဲ ပြန်စွန့်ပစ်ရမလား၊ ခုတ်ထစ်ပိုင်းဖြတ်ပြီး ကားနဲ့ သယ်ဆောင်သွားရမလား မဆုံးဖြတ်နိုင်သေးခင်မှာ စူးစမ်းချင်သူတွေ လာရောက်မှုဟာ များပြားလာခဲ့တာပါ။
အဆိုပါ မီးခိုးရောင် ဝေလငါးကြီးဟာ အရှည်ပေ ၄၀ လောက်ရှိပြီး အလေးချိန် ပေါင် ၆ သောင်းကျော်လောက်ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဝေလငါးကြီးဆီက ပုပ်သိုးတဲ့အနံ့တွေ ရနေပေမယ့် လာရောက် စူးစမ်းလေ့လာသူတွေဟာ လေတင်ရာဘက်ကနေ လှည့်ပတ်ကြည့်ရှုကာ အမှတ်တရဓာတ်ပုံတွေ ရိုက်ယူနေကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ ခုရက်ပိုင်းမှာပဲ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ဆုံးဖြတ်သွားကြမှာဖြစ်ပြီး ဒီဝေလငါးကြီးဟာ သဘာဝဘေးအန္တရာယ်တခုခုကြောင့် သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာပါ။
ကုန်းပေါ်မှာတ၀က်၊ ရေထဲမှာတ၀က်ရှိနေတဲ့ အဆိုပါဝေလငါးကြီးရဲ့ ဆူးတောင်ဟာ ထောင်လျက်သားရှိနေပြီး ပါးစပ်ထဲက ဖောင်းထွက်နေတဲ့ ကြီးမားလှတဲ့ လျှာကြီးဟာ အနက်ရောင် ဘောလုံးကြီးတလုံးလို ဖြစ်နေခဲ့တာပါ။
6 years Ago