ကယ်ပါ

February 25, 2019

လူစားလဲမှု လက်မခံသည့်ကိစ္စ နည်းပြ ဆာရီကို မလေးစားခြင်းမဟုတ်ကြောင်း ကယ်ပါပြော

မန်စီးတီးနဲ့ပွဲစဉ်မှာ လူစားလဲမှု လက်မခံခဲ့တာဟာ နည်းပြဆာရီနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို မလေးစားတာကြောင့် မဟုတ်ဘူးလို့ ချဲလ်ဆီးဂိုးသမား ကယ်ပါက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဂိုးသမား ကယ်ပါအရစ်ဇာ ဘလာဂါဟာ မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲ အချိန်ပို ပြီးဆုံးခါနီးမှာ အရန်ဂိုးသမား ကာဘယ်လီယိုနဲ့ လူစားလဲဖို့ နည်းပြဆာရီက ပြုလုပ်ခဲ့တာကို လက်မခံခဲ့ဘဲ ပွဲဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နည်းပြဆာရီနဲ့ လက်ထောက်နည်းပြ ဇိုလာတို့က ဒေါသထွက်ခဲ့ကြပြီး ဆာရီက ကွင်းအပြင်ထွက်သွားဖို့အထိ လုပ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကယ်ပါက မိမိရဲ့ ဒဏ်ရာအခြေအနေကြောင့် ပွဲဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ နည်းပြက ထင်ခဲ့တာဖြစ်ပြီး လူစားလဲဖို့ စီစဉ်ခဲ့ပေမယ့် မိမိအနေနဲ့ ပယ်နယ်တီဖမ်းဖို့အတွက် အဆင်ပြေတာကြောင့် ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖြေရှင်းသွားပါတယ်။ ဒါ့အပြင် နည်းပြဆာရီနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အပေါ်မှာလည်း အပြည့်အဝ လေးစားမှုရှိတယ်လို့ ဆိုပါတယ်။ နည်းပြဆာရီကတော့ ကယ်ပါရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ပေမယ့် ဖြေရှင်းနည်းကတော့ မှားနေတယ်လို့ ပြောကြားသွားပါတယ်။ ချဲလ်ဆီးဂိုးသမား ကယ်ပါဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ ဆာနေးရဲ့ ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့်  ဒေးဗစ်လူးဝစ္စနဲ့ ဂျော်ဂျင်ဟိုတို့ ပယ်နယ်တီ လွဲချော်ခဲ့တာကြောင့် ၃ ဂိုး ၂ ဂိုးနဲ့ရှုံးပြီး ချန်ပီယံဆုဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
2 years Ago
Up