ကယ်ဆယ်ရေးအဖွဲ့ကို ချစ်စဖွယ် တုံ့ပြန်တိုက်ခိုက်ခဲ့သည့် ဆင်ပေါက်ကလေး

August 18, 2017

ကယ်ဆယ်ရေးအဖွဲ့ကို ချစ်စဖွယ် တုံ့ပြန်တိုက်ခိုက်ခဲ့သည့် ဆင်ပေါက်ကလေး (ရုပ်သံ)

ဆင်တွေကို တိုက်ခိုက်ရန်မူတတ်တဲ့ သတ္တဝါတွေလို့ သတ်မှတ်ကြပေမယ့် လူသားတွေအတွက်တော့ အသုံးဝင်တဲ့ အကျိုးပြုသတ္တဝါတွေ ဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ တောရိုင်းဆင်တွေကို အယဉ်သွင်းပြီး လူသားတွေနဲ့ လက်ပွန်းတတီး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြတာဟာလည်း ရှေးယခင်ကတည်းကပါပဲ။ အာရှဆင်တွေကတော့ ကမ္ဘာမှာ ထင်ရှားတဲ့ မျိုးစိတ်တွေအဖြစ် အထင်အရှား ရှိနေကြတာဖြစ်ပြီး ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နယ်မြေကျွံလာခဲ့တဲ့ ချစ်စဖွယ် ဆင်ရိုင်းပေါက်ကလေးတကောင်ကို ကယ်ဆယ်ရေးအဖွဲ့က ဖမ်းဆီးချိန်မှာ တုံ့ပြန်တိုက်ခိုက်ခဲ့တာကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ သီရိလင်္ကာနိုင်ငံမှာ ဖြစ်ခဲ့ပြီး အဲဒီဆင်ပေါက်ကလေးဟာ ရွာအနီးဝန်းကျင်မှာ အော်ဟစ်လှည့်လည် သွားလာနေခဲ့တဲ့အတွက် ဒေသခံတွေက သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရတာပါ။ သဘာဝသားရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တွေဟာ ဆင်ပေါက်ကလေးကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရမှာပါ။ ရွာအနီး သစ်ပင်တွေကြားမှာ ဆင်ကလေးဟာ လှည့်လည်နေခဲ့ပြီး ကယ်ဆယ်ရေးသမားတွေဟာ သူ့ကို တွန်းထိုးပြီး ဖမ်းဆီးဖို့ ကြိုးပမ်းနေခဲ့ကြပါတယ်။ အချိန်တော်တော်ကြာအောင် ဆင်ပေါက်ကလေးနဲ့ ကယ်ဆယ်ရေးသမားတွေဟာ တွန်းထိုးလိုက်၊ ရုန်းကန်လိုက်နဲ့ ရှိနေကြပြီး နောက်မှာတော့ ဆင်ကလေးဟာ ကယ်ဆယ်ရေးသမားတွေနောက်ကို ပြန်လိုက်ခဲ့တာကို တွေ့ရမှာပါ။ ဒါပေမယ့် သူ့ရဲ့အပြုအမူဟာ ချစ်စရာကောင်းလွန်းနေပြီး နောက်ဆုံးမှာတော့ ဘာမှ မတုံ့ပြန်နိုင်တော့ဘဲ ဖမ်းဆီးကယ်ဆယ်နိုင်ခဲ့တာကို တွေ့ရမှာပါ။ သီရိလင်္ကာနိုင်ငံ ဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ EleAid ရဲ့ အဆိုအရ နိုင်ငံတွင်းမှာ ဆင်ရိုင်းကောင်ရေ ၂၁၀၀ ကနေ ၃၀၀၀ ကြားရှိတယ်လို့ ဆိုပါတယ်။
4 years Ago
Up