ကယားရိုးရာ

January 10, 2021

ကိုဗစ်-၁၉ အတည်ပြုလူနာများ နေထိုင်ခဲ့သည့်နေရာကို ကယားရိုးရာအရ ဆေးကြော

ပြည်နယ်ပြင်ပကုကုမ္ပဏီအလုပ်သမား  ကိုဗစ်-၁၉ အတည်ပြုလူနာတွေ နေထိုင်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ် နိုးကိုးကျေးရွာအုပ်စု အသုံးပြုနေတဲ့ ရေထွက်နဲ့  ရိုးရာကေ့ထျိုးဘိုး တံခွန်တိုင်နတ်နန်းထားရှိရာ နေရာကို ကယားရိုးရာအရ ဆေးကြောတောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်တုန်းက ဒေသခံတွေ အထွဋ်အမြတ်ထားရာနေရာမှာ ခွင့်ပြုချက်မတောင်းဘဲ နေထိုင်ခဲ့တာကြောင့် ဒေသခံတွေက ရွှေ့ပြောင်းခိုင်းခဲ့တာဖြစ်ပြီး အဲဒီနေရာကို ဇနဝါရီ ၉ ရက်နေ့က ကယားရိုးရာအနေနဲ့ ဆေးကြောတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကေ့ထျိုးဘိုးနတ်နန်းတွင်းမှာ ကြက်တကောင်နဲ့ ရိုးရာအတိုင်း နတ်ကိုပူဇော်ခဲ့သလို နတ်နန်းအနီး အလုပ်သမား တန်းလျားတည်ဆောက်တဲ့နေရာမှာလည်း ကြက်မတကောင်နဲ့ နတ်ကို ပူဇော်ပြီး ဆေးကြောတောင်းပန်ခဲ့ကြပါတယ်။

ရိုးရာ နတ်ဆရာ ဦးနျားရယ်က “ကြက်တွေက ကြက်ရိုးပေါ်မှာတော့ မူတည်တာပေါ့နော်။ ကြက်ရိုးက အောင်သွားပြီဆိုလို့ ရှိရင်တော့ ကျနော်တို့ ဒီပူဇော်ပသတဲ့လူလည်း လုပ်နိုင်မယ့် အနာဂတ် ရှေ့ဆက်ပြီးတော့ လုပ်နိုင်သေးတယ်ပေါ့။ အကယ်၍ ကြက်ရိုးက မကောင်းဘူး ဆိုလို့ရှိရင်တော့ ဒီပူဇော်ပသတဲ့၊ ဦးဆောင်ဦးစီးတဲ့ ပုဂ္ဂိုလ်တယောက်ကတော့ သူလုပ်နိုင်ဖို့လည်း အစီအစဉ်မရှိတော့ဘူးပေါ့။ နောက်ပြီးတော့ ဒီဘက်နေရာမှာကျတော့ မိုးလေဝသနဲ့ ဆိုင်တာပေါ့နော်။ ဒီကြက်ရိုးက ကောင်းသွားပြီဆိုလို့ရှိရင် မိုးလေဝသလည်း မှန်ကန်ရာမှန်ကန်ကြောင်း ပြန်ရောက်စေနိုင်တာပေါ့။ အကယ်၍ ကြက်ရိုးမကောင်းဘူးလို့ရှိရင် မိုးခေါင်ရေရှားတတ်တယ်။ အမှားက ရှိနေ‌သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ နောက်ပြီးတော့ ရောဂါဘယလည်း ရှိရင်ရှိတတ်ဦးမယ်ဆိုတဲ့အနေအထား။ ကြက်ရိုးက အောင်သွားပြီဆိုရင်တော့ ရောဂါဘယလည်း ကင်းသွားပြီ။ သံသယတွေလည်း ကင်းသွားပြီ။ နောက်မိုးလေဝသလည်း မှန်ကန်စေရမယ်ဆိုတဲ့ အနေအထားရှိပြီပေါ့။”

ဒီကနေ့ ပူဇော်ပသ ဆေးကြောမှုအရ ကြက်ရိုးထိုးဖတ်ကြည့်ရမှာ အခြေအနေအကာင်းတဲ့အတွက် ဒီ  ကြက်အဆင့်နဲ့ ရပ်တန့်နိုင်ခဲ့ပြီး ကြက်ရိုးနိမိတ်ဖတ်အမှုအရ မကောင်းဘူးဆိုရင် ဝက်တို့၊ နွားတို့ကို တဆင့်တက် ပူဇော်ရတယ်လို့ နိုးကိုးကျေးရွာ သစ်တောထိန်းသိန်း ရေးကော်မီတီတင် ဦးဗျားရယ်က ပြောပါတယ်။

“ကြက်ရိုကြည့်ပြီးတဲ့နောက်ပိုင်း ဒီကြက်ရိုးအောင်သွားပြီဆိုတော့ အကုန်လုံးပေါ့ပေါ့ ပါးပါးနေလို့ရတယ်၊ စိတ်လည်းချမ်းသားပြီ။ ဒီစောင့်ရှောက်မယ့်ပုဂ္ဂိုလ်တွေလည်း သူတို့ ကျေနပ်မှုရှိသွားပြီ။ တခြားတဖက်နဲ့တဖက် မကျေမနပ်တာလည်း သိပ်မရှိတော့ဘူးပေါ့။ ”

နိုးကိုးစံပြကျေးရွာအနီး တည်ရှိတဲ့  နတ်နန်းနေရာမှာ  ပြည်ကြီးငွေတောင်ကုမ္ပဏီက လမ်းခင်းဖို့ အလုပ်သမား ၃၀ ကို တဲတွေ ဆောက်လုပ်ထားရှိတာဖြစ်ပြီး အဲဒီထဲက ၁၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ကျေးရွာနေသူတွေ စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ နတ်နန်းရှိတဲ့ ရေထွက်မှာ ကျေးရွာ ၁၅ ရွာက ကေ့ထျိုးဘိုးတံခွန်တိုင်ပွဲတွေနဲ့ မိုးခေါ်ဆုတောင်းပွဲတွေကို နှစ်အလိုက် ပြုလုပ်ကြလေ့ရှိသလို ဂေဟစနစ် ထိန်းသိမ်းရာနေရာ အဖြစ် သတ်မှတ်ပြီး ရှားပါးစာရင်းဝင်အပင် အချို့လည်း ထိန်းသိမ်းထားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

3 months Ago

April 5, 2020

လွိုင်ကော်တွင် ကယားရိုးရာ တံခွန်တိုင်ပွဲတော် အကျဉ်းချုံးကျင်းပ

ကယားရိုးရာ ကေ့ထျှိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်တိုက်နယ်၊  နမ့်ကွတ်ရပ်ကွက်မှာ ဒီကနေ့မနက်က အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။ ချိကယ်တိုက်နယ်အတွင်းမှာ ကျေးရွာပေါင်း ၉ ရွာရှိပြီး တိုက်နယ်ပွဲအနေနဲ့ ကျင်းပရင် လူထောင်ချီ တက်ရောက်မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အကျဉ်းချုံးသာ ကျင်းပတာလို့ ပွဲတော်ဦးဆောင်ကျင်းပသူ ဦးမီရယ်မြင့်မောင်က  ပြောပါတယ်။ “ပထမတုန်းကကျတော့ ကျနော်တို့ ချိကယ်တိုက်နယ်အဆင့်ဆိုတော့ အနည်းဆုံး ရွာ ၁၀ ရွာလောက်တော့ လာကြမယ်။ အခုက အကျဉ်းချုံးပြီးတော့မှ ကျနော်တို့ ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွန်ချက်နဲ့အညီ ရောဂါကို တဖက်ကလည်း တားဆီးနိုင်အောင်၊ တဖက်ကလည်း ရိုးရာအစဉ်အလာ မပျက်လုပ်နိုင်အောင်ပေါ့။ လူအနည်းဆုံး လေး ငါးရာ ရှိမယ့်နေရာမှာ အခု လေး ငါးဆယ်တောင် မရှိဘူး။” နှစ်စဉ် တံခွန်တိုင်ခုတ်တာတွေ၊ ရိုးရာအကကတာ၊ ဈေးရောင်းပွဲတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ တံခွန်တိုင်ခုတ်တာကို မပြုလုပ်တော့ဘဲ စိုက်ထူထားပြီးသား တံခွန်တိုင်အဟောင်းကို ပြန်လည်ပြုပြင်ပြီး ပူဇော်ခဲ့တယ်လို့ ဦးမီရယ်မြင့်မောင်က  ပြောပါတယ်။ “ကျနော်တို့ မဖြစ်မနေ ရိုးရာအစဉ်အလာမပျက် လုပ်ကိုလုပ်ရမယ်လို့တော့ ဦးလေးတို့က ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကျန်းမာရေးလမ်းညွန်ချက်နဲ့အညီ လက်တွေဆေးတာတို့ ဘာတို့တာ့ လုပ်ပါတယ်။ ကျနော်တို့ရိုးရာပွဲတော်ကို သမီးတို့တွေ့တဲ့အတိုင်းပဲ တံခွန်တိုင်ကိုလည်းပဲ ကျနော်တို့ က အသစ်ခုတ်မယ့်အစား အဟောင်းကိုပဲ ပြင်ဆင်မွမ်းမံပြီးတော့မှ လှူတယ်၊ ဒါန်းတယ်။ ဧည့်သည်ကိုတော့ မဖိတ်တော့ဘူးပေါ့လေ။ တံခွန်တိုင်ကိုလည်း ပူဇော်ပသမယ်ပေါ့။ နေ့လယ်ကျရင် ဝက်ကလေးတကောင်နဲ့ လုပ်ဦးမယ်။ ဒါကလည်း လူ ဆယ့်လေး ငါးယောက်၊ နတ်ဆရာတွေ ဘာတွေနဲ့ ကျနော်တို့ ဖြစ်အောင်တော့ လုပ်သွားမှာပေါ့လေ။” ဒီပွဲကို မကျင်းပဘဲ ရက်ရွှေ့ဆိုင်းထားဖို့ အာဏာပိုင်တွေက ပြောဆိုလာတာ ရှိပေမယ့် နောက်လမှ ရွှေ့ဆိုင်းရင် ရိုးရာအရ ဆန့်ကျင်သလိုဖြစ်တဲ့အတွက် ဒီလအတွင်းမှာပဲ နတ်ဆရာတွေနဲ့ ပြုလုပ်ရတာလို့လည်း ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၆၂ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို ဒီးမော့ဆိုမြို့နယ် ဖဲလျားကျေးရွာမှာ မတ်လ ၂၈ ရက်နေ့က  အကျဉ်းချုံး ကျင်းပပြုလုပ်သွားခဲ့ပါတယ်။ ကယားရိုးရာ ကေ့ထျှိုးဘို (ခေါ်) တံခွန်တိုင်ပွဲတော်ကို မိုးလေဝသ မှန်ကန်စေဖို့၊ ဆန်ရေစပါးနဲ့ ကောက်ပဲသီးနှံ ဖြစ်ထွန်း အောင်မြင်စေဖို့၊ သဘောဝဘေးအန္တရာယ်နဲ့ ရောဂါဘယ ကင်းဝေးစေဖို့၊ တိုင်းပြည်အေးချမ်း သာယာပြီးကမ္ဘာသူ/သားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
1 year Ago
Up