ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း

May 24, 2021

စစ်အာဏာရှင်ကို ရရာလက်နက် စွဲကိုင်တော်လှန်ချိန်ရောက်ပြီဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဟောင်း ဦးအယ်ဖောင်းရှိုပြော

စစ်အာဏာရှင်စစ်ကောင်စီအဖွဲ့ကို အပြီးတိုင်ချေဖျက် ဖြိုလှဲတိုက်ဖြုတ်သွားနိုင်ဖို့  ကိုယ်စီ ရရာလက်နက်စွဲကိုင် တော်လှန်ချိန်ရောက်ပြီလို့ ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးအယ်ဖောင်းရှိုက တိုက်တွန်းပြောကြားလိုက်ပါတယ်။

လက်ရှိ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာ  ဦးအယ်ဖောင်းရှိုက  သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ တိုက်တွန်းရေးသားလိုက်တာ ဖြစ်ပါတယ်။

“မတူကွဲပြားမှု အမြင်မတူမှုတွေကို ဘေးဖယ်ထားကြရအောင်။ နှစ်ပေါင်း ၇၀ ကျော်လောက် လှောင်မြိုက်နေဆဲ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို သွေးစည်းညီညွတ်မှုနဲ့ ပြန်လည်တည်ဆောက်ကြရမယ့် အချိန်အခါပါ။ ကိုယ်စီကိုယ်စီတတ်နိုင်တဲ့ဘက်က ရုန်းကန်ကြိုးပမ်း ဖော်ဆောင်နေကြရတဲ့ အခြေအနေမျိုးပါ။ တော်လှန်ရေးကိုလည်း လုပ်နေကြပါပြီ။ ခုချိန်ခါက ကိုယ်စီကိုယ်စီ ရရာလက်နက် စွဲကိုင်တော်လှန်ကြရမည့်အချိန်အခါပါ။ စစ်အာဏာရှင်စစ်ကောင်စီအဖွဲ့ကို အပြီးတိုင်ချေဖျက် ဖြိုလှဲတိုက်ဖျက်သွားနိုင်ဖို့ ကျွန်တော်တို့တတွေအားလုံးရဲ့ နည်းပရိယာယ်အမျိုးမျိုးနဲ့ ကျွန်တော်တို့တတွေအားလုံးရဲ့ မျိုးဆက်သစ်များအတွက် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကြီးသို့ ရောက်အောင် ဆက်လက်စွမ်းဆောင်ချီတက် တိုက်ပွဲဝင်သွားကြရအောင်ဗျာ သွေးစည်းညီညွတ်မှုကို ဦးတည်လျက်” လို့  ဦးအယ်ဖောင်းရှိုက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

ကယားပြည်နယ်မှာ မေလ ၂၁ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး မနေ့ မေလ ၂၃ ရက်နေ့မှာတော့ အဆိုးဆုံးအခြေအနေအထိ ရောက်ရှိလာနေပါတယ်။

6 months Ago
Up