ကယားပြည်နယ်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်

March 31, 2020

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ကျန်းမာရေးကောင်းမွန်၊ Quarantine လုပ်နေခြင်းမဟုတ်ဟုဆို

ခုရက်ပိုင်းအတွင်း အများပြည်သူမြင်ကွင်းကနေပျောက်နေတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေး  အခြေအနေ ကောင်းမွန် နေတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ပြောပါတယ်။  နေပြည်တော်မှာတွေ့ရှိခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသူ COVID-19 အတည်ပြုလူနာနဲ့ ပတ်သက်ပြီး နိုင်ငံ့အကြီးအကဲတွေအပေါ် ကောလဟာလတွေထွက်ပေါ်နေတဲ့အပေါ်  ဦးဇော်ဌေးက ပြန်လည်ဖြေရှင်းခဲ့တာပါ။ “နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကျန်းမာရေး ကောင်းမွန်ပါတယ်။ နိုင်ငံ့တာဝန်တွေကို ပုံမှန်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ Self Quarantine ရော၊ Home Quarantine ရော ဘာမှ လုပ်ဆောင်တာ မရှိပါ။ ကျန်းမာရေးအထူးကောင်းမွန်ပါတယ်။ COVID-19 ကူးစက်ရောဂါပြန့်ပွားနေချိန်ဖြစ်တဲ့အတွက် ဧည့်သည်လက်ခံတွေ့ဆုံမှုတွေကိုတော့ အထူးသတိထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ” လို့ ဦးဇော်ဌေးက ပြောပါတယ်။  နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မတ်လ ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးကို လက်ခံတွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်ဆေးတွေ့ရှိထားတဲ့ COVID-19 အတည်ပြုလူနာ တဦးဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံသူကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးရဲ့ ရုံးဝန်ထမ်းဖြစ်ပါတယ်။ နေပြည်တော်မှာ COVID-19 အတည်ပြုလူနာအဖြစ်တွေ့ရှိခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံဟာ လတ်တလော နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ သီးသန့်ကုသမှုခံယူနေပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို မတ်လ ၈ ရက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနောက်ပိုင်း အစိုးရပိုင်မီဒီယာတွေမှာ မတွေ့ရတော့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လည်း ခုရက်ပိုင်းအတွင်း အများပြည်သူ မြင်ကွင်းကနေ ပျောက်နေတာဖြစ်ပါတယ်။  ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
1 year Ago

January 15, 2020

ကယားပြည်နယ်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်

၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို ပြည်နယ်မြို့တော် လွိုင်ကော်မှာ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်မနက်က ကျင်းပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာပါတယ်။ လွိုင်ကော်မြို့မှာရှိ ကယားဒေးကွင်း မုခ်ဦး ဖွင့်ပွဲအခမ်းအနားတက်ရောက်ဖို့ ဒေသခံ လူထုထောင်ချီ ပါဝင်တက်ရောက်လာတာလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သလို  လူထုတွေကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။  ကယားပြည်နယ်နေ့ပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကယား တိုင်းရင်းသားတွေနဲ့အတူ ရိုးရာအက ပါဝင်ကပြသွားခဲ့ပါတယ်။  ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ  ကယားပြည်နယ်က လူထုတွေနဲ့ ပြည်နယ်ခန်းမမှာ  တွေ့ဆုံသွားဖို့ရှိသလို လွိုင်ကော်မြို့ ဗုဒ္ဓဥယျာဉ်မှာပြုလုပ်မယ့် ချယ်ရီပန်းစိုက်ပွဲတော်ကို တက်ရောက်စိုက်ပျိုးမှာဖြစ်ပါတယ်။  ကယားပြည်နယ်နေ့ ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ  ၁၉ ရက်အထိ ၁၀ ရက်တိုင် ကျင်းပနေတာဖြစ်ပြီး ကယားပြည်နယ်နေ့ဖြစ်တဲ့  ဇန်နဝါရီ ၁၅ ရက်နေ့မှာတော့ မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။ ကယားပြည်နယ်ကို   အရင်က ကရင်နီပြည်လို့ ခေါ်ဆိုလာခဲ့တာဖြစ်ပြီး ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကစလို့  ကရင်နီပြည်နယ်အစား ကယားပြည်နယ်ဆိုပြီး အမည်ပြောင်းလဲ သတ်မှတ်ခေါ်ဆိုခဲ့တဲ့နေ့ကို အစွဲပြုပြီး  ကယားပြည်နယ်နေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလာတာလည်းဖြစ်ပါတယ်။
1 year Ago
Up