ကမ္ဘာ့အသေးငယ်ဆုံးကလေး

April 19, 2019

ပန်းသီးတလုံး အလေးချိန်ခန့်သာရှိသည့် ကမ္ဘာ့အသေးဆုံး ကလေးငယ် ကျန်းမာစွာ ရှိနေ

မွေးဖွားချိန်က ပန်းသီးတလုံးရဲ့ အလေးချိန်လောက် အရွယ်အစားနဲ့ မွေးဖွားလာခဲ့တဲ့ ဂျပန်နိုင်ငံက ကမ္ဘာ့အသေးငယ်ဆုံး ကလေးငယ်ဟာ လက်ရှိမှာတော့ ကျန်းမာနေပြီး ပြင်ပကမ္ဘာနဲ့ ထိတွေ့နိုင်ပြီဖြစ်တယ်လို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။ ရူဆူခဲအမည်ရတဲ့ အဲဒီကလေးငယ်ဟာ ယောက်ျားလေးတယောက်ဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှာ မိခင်ဖြစ်သူ တိုရှီကိုက ကိုယ်ဝန် ၂၄ ပတ်၊ ၅ ရက်နဲ့ ခွဲစိတ်မွေးဖွားခဲ့ရတာ ဖြစ်ပါတယ်။ မွေးလာချိန်မှာ အလေးချိန် ၂၅၈ ဂရမ်သာရှိခဲ့တဲ့ ရူဆူခဲဟာ သူ့အရင် တိုကျိုဆေးရုံမှာ မွေးဖွားခဲ့တဲ့ အသေးငယ်ဆုံးကလေးရဲ့ ကိုယ်အလေးချိန် ၂၆၈ ဂရမ်ထက် ပိုပေါ့ပြီး စံချိန်ချိုးသွားခဲ့တာဖြစ်တယ်လို့ ချန်နယ်နယူးအေးရှား သတင်းမှာ ဖော်ပြပါတယ်။ အရပ်အမြင့် ၂၂ စင်တီမီတာသာရှိတဲ့ ရူဆူခဲကို ဆေးရုံအထူးကြပ်မတ် ကုသဆောင်မှာ ထားခဲ့ကြရပြီး အစာစားနိုင်ဖို့ ပြွန်တွေအပြင် တခါတရံမှာ မိခင်နို့တိုက်ကျွေးဖို့ ဝါဂွမ်းနားကြပ်တံကိုတောင် အသုံးပြုခဲ့ကြရတယ်လို့ ဆိုပါတယ်။ အချိန် ၇ လလောက်အကြာမှာတော့ ကလေးငယ်ဟာ ကိုယ်အလေးချိန် ၁၃ ဆလောက်အထိ ကြီးလာခဲ့ကာ လက်ရှိမှာတော့ ကိုယ်အလေးချိန် ၃ ကီလိုဂရမ်ထိ ရှိနေပြီး ခုသီတင်းပတ်မှာတော့ ရူဆူခဲဟာ ကျန်းမာစွာနဲ့ ဆေးရုံကနေ ဆင်းနိုင်တော့မှာ ဖြစ်ပါတယ်။ “သားလေးမွေးတုန်းက သူက အရမ်းသေးတာလေ။ ထိလိုက်ရုံနဲ့ ကြေသွားမလား ဆိုပြီး ကျမ အရမ်းကို စိတ်ပူခဲ့ရတယ်” လို့ မိခင်ဖြစ်တဲ့ တိုရှီကိုက သတင်းထောက်တွေကို ပြောပါတယ်။ “ခုတော့ သူ နို့သောက်နိုင်ပြီ။ သူ့ကို ရေချိုးပေးနိုင်ပြီ။ သူ ခုလို ကျန်းကျန်းမာမာ ကြီးပြင်းလာတာတွေ့ရတာ ကျမ ဝမ်းသာမိတယ်။” ကမ္ဘာ့အသေးငယ်ဆုံးအဖြစ် မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ အသက်ရှင်နှုန်းဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေက ရှင်သန်ဖို့နှုန်းနည်းတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up