ကမ္ဘာ့အမွေအနှစ်စာရင်း

April 12, 2019

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ရန် ဇူလိုင်လတွင် ဆုံးဖြတ်မည်

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းသတ်မှတ်ဖို့ လာမယ့် ဇူလိုင်လမှာ ကျင်းပမယ့် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံမှာ အတည်ပြု ဆုံးဖြတ်မှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ အစည်းအဝေးကိုတော့ ၂၀၁၉ ခု၊ ဇွန်လ ၃၀ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မယ်၊ မသတ်မှတ်ဘူး ဆိုတာကို  ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ကျင်းပတဲ့ ပုဂံဒေသအကြောင်း ရှင်းလင်းပွဲမှာ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောပါတယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းတဲ့ အဆိုပြုလွှာကိုတော့ ၂၀၁၈ ဇန်နဝါရီလက ကမ္ဘာ့အမွေအနှစ်ကော်မတီကို တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ ပုဂံဒေသဟာ မြန်မာပြည်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲက တခုဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတော်အဆင့် ထိန်းသိန်းကာကွယ် စောင့်ရှောက်နေတဲ့ ဒေသတခု ဖြစ်ပါတယ်။ ပုဂံဒေသ ရေရှည်တည်တံ့ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါဝင်ဖို့အတွက် ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် နိုင်ငံတွေအနေနဲ့ ထောက်ပံ့ကူညီစေချင်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောပါတယ်။ ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် ၂၁ နိုင်ငံမှာ ပါဝင်တဲ့ သြစတြေးလျ၊ ဘရာဇီး၊ တရုတ်နဲ့  အင်ဒိုနီးရှား စတဲ့ သံရုံးက သံအမတ်တွေ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ် စတဲ့ အလှူရှင်နိုင်ငံက တာဝန်ရှိသူတွေ၊ ယူနက်စကို၊ JICA နဲ့ ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတွေ တက်ရောက်တဲ့ ပုဂံဒေသရဲ့ သမိုင်းကြောင်း ရှင်းလင်းပွဲကို ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက ဦးဆောင် ကျင်းပပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံက ပျူဒေသကို ကမ္ဘာ့စာရင်းဝင် အမွေအနှစ်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားပြီး လာမယ့် စက်တင်ဘာလမှာလည်း ရခိုင်ဒေသမှာရှိတဲ့ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းသွားမှာလည်း ဖြစ်ပါတယ်။
3 years Ago

July 4, 2018

တရုတ်နိုင်ငံရှိ ဖန်ကျင်းရှန်းတောင်ကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် တုံဂရန်ဒေသက ဖန်ကျင်းရှန်းတောင်ကို ဇူလိုင် ၂ ရက်နေ့က ကမ္ဘာ့အမွေအနှစ် စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ ဒီတောင်ဟာ အသက်ရှူမှားလောက်တဲ့ ရှုခင်းနဲ့ ဇီဝမျိုးကွဲ ကြွယ်ဝမှုတွေကြောင့် ပြည်တွင်းပြည်ပက ဧည့်သည်တွေကို ဆွဲဆောင်နေတာပါ။ ဘာရိန်းမြို့တော် မနာမာမှာ ကျင်းပတဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီရဲ့ ၄၂ ကြိမ်မြောက် အစည်းအဝေးက ထုတ်ပြန်တဲ့ စာရင်းထဲမှာ ဖန်ကျင်းရှန်းတောင် ပါလာခဲ့တာပါ။ ဒီတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀ ကနေ မီတာ ၂၅၇၀ ကြား မြင့်ပြီး သဘာဝ မြေပြင် ရုပ်လုံးရုပ်ကြွနဲ့ သစ်ပင်အမျိုးအစား အင်မတန် ကွဲပြားစုံလင်တယ်လို့ စီစီတီဗွီ သတင်းဌာနက ထုတ်ပြန်ထားပါတယ်။
3 years Ago
Up