ကမ္ဘာ့အသက်အကြီးဆုံး အလှမွေးငါးကြီး သက်တမ်း ၉၀ တွင် သေဆုံး

February 8, 2017

ကမ္ဘာ့အသက်အကြီးဆုံး အလှမွေးငါးကြီး သက်တမ်း ၉၀ တွင် သေဆုံး (ရုပ်သံ)

ကမ္ဘာ့အသက်အကြီးဆုံး အလှမွေးငါးဘိုးအေကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ လေရှူငါးကြီးတကောင်ဟာ သူ့ရဲ့သက်တမ်း ၉၀ အတွင်းမှာ သေဆုံးသွားခဲ့ပြီလို့ စကိုင်းနယူးစ် သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီငါးကြီးဟာ အသက်အရွယ်ကြီးလာပြီး ကျန်းမာရေးအခြေအနေ ဆိုးဝါးလာခဲ့ကာ အစားအစာတွေကိုလည်း မစားချင်တော့ဘဲ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်နေတဲ့ လက္ခဏာ တွေ့လာရပြီးနောက်မှာ သေဆုံးသွားခဲ့တာပါ။ သူဟာ သြစတြေးလျနိုင်ငံမှဖြစ်ပြီး ချီကာဂိုမြို့မှ ရှက်ဒ်အလှမွေးငါးပြတိုက်ဆီ ဆယ်ကျော်သက်အရွယ် ၁၉၃၃ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့ကာ သူ့အသက်သေဆုံးချိန်ထိ နေထိုင်သွားခဲ့တာပါ။ အလေးချိန် ၂၄ ပေါင်ရှိတဲ့ အဲဒီငါးကြီးကို မသေဆုံးခင်အချိန်ထိ လူသန်းပေါင်း ၁၀၀ လောက် လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူ့ရဲ့သက်တမ်းအတိအကျကိုတော့ မသိနိုင်ဘဲ ငါးကြီးဟာ ပြတိုက်တွင်းမှာ နှစ်ပေါင်း ၉၀ ကျော် နေထိုင်သွားခဲ့တာမို့ ဒါဟာ ရာစုနှစ်အမှတ်အသားတခုသဖွယ် ဖြစ်နေတယ်လို့ ပြတိုက်တာဝန်ရှိသူတဦးက ပြောပါတယ်။ လေရှူငါးအမျိုးအစား မျိုးစိတ်တွေဟာ နှစ်ပေါင်း ၁၀၀ ကျော် အသက်ရှင်နေထိုင်နိုင်ကြပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၀၀ ကျော်ကတည်းက တည်ရှိနေကြတာဖြစ်ကာ သြစတြေးလျနိုင်ငံမှာ ထိန်းသိမ်းကာကွယ်ထားတဲ့ မျိုးစိတ်တခု ဖြစ်ပါတယ်။
4 years Ago
Up