ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံကြီး မွေးနေ့ပွဲကျင်းပ(ရုပ်သံ)

December 30, 2016

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံကြီး ကင်ဆာရောဂါဖြင့် ကွယ်လွန် (ရုပ်သံ)

တရုတ်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံကြီး ပန်ပန်ဟာ အသက် ၃၁ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ ပန်ပန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက် မနက် ၄း၅၀ နာရီမှာ သူနေထိုင်ရာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်ခရိုင်ထဲမှာ သေဆုံးသွားခဲ့တာပါ။ သူ့ကို ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဖိုးဖိုးကြီးအဖြစ် မှတ်တမ်းတင်ထားကြကာ တရုတ်နိုင်ငံ ပန်ဒါဝက်ဝံထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ သုတေသနစင်တာမှာ ထားရှိတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူသေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေနေကြပြီး တခြားသံသယဖြစ်စရာ အခြေအနေ မရှိဘူးလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပန်ပန်ကို ပြုစုစောင့်ရှောက်တဲ့ အထိန်းတွေကတော့ သူ့ရဲ့အသက်ဟာ လူ့သက်တမ်းနဲ့ တွက်မယ်ဆိုရင် နှစ်ပေါင်း ၁၀၀ နဲ့ ညီမျှတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဝက်ဝံကြီး ပန်ပန်ဟာ ကင်ဆာရောဂါသည်အဖြစ် နေထိုင်ခဲ့ရပြီး မကြာသေးခင်ကတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ဆိုးဝါးလာခဲ့တာလို့ ဆိုပါတယ်။ ၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ပန်ပန်ဟာ နှစ်ပေါင်း ၂၀ လောက် တခြားဝက်ဝံတွေကို ဖခင်သဖွယ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာဖြစ်ပြီး အခုနှစ်ဇွန်လမှာတော့ ကင်ဆာရောဂါဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ အသက်အရွယ်အိုမင်းလာပြီး မခိုင်မာတော့တဲ့သွားတွေနဲ့ ယိုယွင်းစပြုနေတဲ့ အခြေအနေတွေလည်း ပါဝင်နေတာပါ။ သာမန်အားဖြင့်တော့ ပန်ဒါဝက်ဝံတွေရဲ့ ပျမ်းမျှသက်တမ်းဟာ အနှစ် ၂၀ လောက်သာရှိပြီး ဝက်ဝံကြီး ပန်ပန်ကတော့ အသက်ရှည်ရှည် နေထိုင်သွားနိုင်ခဲ့တာပါ။ ပန်ဒါဝက်ဝံတွေဟာ ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင် သတ္တဝါတွေဖြစ်ကြပြီး လက်ရှိမှာတော့ ကောင်ရေ ၂၀၀၀ အောက်သာ တောတွင်းနေထိုင်နေကြတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံ သစ်တောဦးစီးဌာနမှ ထုတ်ပြန်ချက်တွေအရ နိုင်ငံတွင်းမှာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပန်ဒါဝက်ဝံကောင်ရေ ၁၈၆၄ ကောင်ရှိနိုင်ပြီး လက်ရှိမှာတော့ ၄၂၂ ကောင်ကို ထိန်းသိမ်းကာကွယ်တောထဲမှာ ထားရှိတာဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago

September 4, 2016

ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံကြီး မွေးနေ့ပွဲကျင်းပ(ရုပ်သံ)

ပန်ပန်ဟာ တရုတ်နိုင်ငံမှ ကမ္ဘာ့အသက်အကြီးဆုံး ပန်ဒါဝက်ဝံကြီးတကောင်ပါ။ သူ့ရဲ့ အသက် ၃၁ နှစ်ပြည့်မွေးနေ့ပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ် ခရိုင်မြို့တော် ချန်ဒူးမှာ စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့တာပါ။ အခုနှစ်မှာ ကျင်းပတဲ့ ပန်ပန်ရဲ့ မွေးနေ့အသက်ဟာ လူ့သက်တမ်းအနေနဲ့ တွက် မယ်ဆိုရင် အသက် ၁၀၀ နဲ့ညီမျှတယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခုနှစ်မှာတော့ ၀က်ဝံကြီး ပန်ပန်ရဲ့ ပရိသတ်တွေ လာရောက်ကြည့်ရှုခွင့်ကို ကန့်သတ်ခဲ့တဲ့အတွက် အရင်နှစ်တွေထက်စာရင်တော့ ပရိသတ်နည်းပါးတယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ၀က်ဝံကြီးပန်ပန်ဟာ သူ့အတွက် ပြင်ဆင်ပေးထားတဲ့ မွေးနေ့ကိတ်ရှေ့ကို ရောက်ရှိချိန်မှာ ကြည့်ရှုသူတွေက မွေးနေ့ဆုတောင်းသီချင်းသီဆို ပေးခဲ့ကြတာကို တွေ့ရပါတယ်။
5 years Ago
Up