စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့အငယ်တန်းကြက်တောင်ရိုက်ပြိုင်ပွဲမှာ မြန်မာကစားသမား ၂ ဦးက တဦးချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
တဦးချင်းပြိုင်ပွဲမှာ မြန်မာက အောင်မျိုးထူးက အင်္ဂလန်နိုင်ငံက Zach Russ နဲ့ တွေ့ဆုံနေပြီး နောက်ထပ် မြန်မာကစားသမားတဦးဖြစ်တဲ့ ဘုန်းပြည့်နိုင်က တောင်အာဖရိကနိုင်ငံက Brandon Nel နဲ့ ပထမအဆင့် ရှုံးထွက်ပွဲစဉ်တွေအဖြစ် ဒီနေ့မှာ ယှဉ်ပြိုင်ကစားရမှာပါ။
နိုဝင်ဘာ ၉ ရက်မှာယှဉ်ပြိုင်မယ့် နှစ်ယောက်တွဲပြိုင်ပွဲမှာတော့ မြန်မာကစားသမား ၂ ဦးက ဘိုင်ရထားပြီး ပိုလန်ကစားသမား ၂ ဦးနဲ့ ဒုတိယရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ကမ္ဘာ့အငယ်တန်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၆၃ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာနိုင်ငံက နည်းပြ ၁ ဦး၊ ကစားသမား ၂ ဦးနဲ့ သွားရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဦးမောင်မောင်
6 years Ago