အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်အားပေးခဲ့ပြီး နော်ဝေကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကိုလည်း သမီးအငယ်ဆုံး ဟာပါနဲ့အတူ ကြည့်ရှုအားပေးခဲ့ပါတယ်။
ဘက်ခမ်းဟာ ပြိုင်ပွဲမစတင်ခင် လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာလည်း ကစားသမားတွေနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောခဲ့ပါတယ်။
သမီးငယ်လေး ဟာပါကတော့ အင်္ဂလန်အသင်း ဂိုးသွင်းတဲ့အချိန်တိုင်းမှာ အဖေဖြစ်တဲ့ ဘက်ခမ်းနဲ့ လက်ဝါးရိုက်ကာ ခုန်ပေါက်နေတာကို မီဒီယာတွေက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဟာပါအနေနဲ့ အရင်က ဘောလုံးပွဲတွေ လိုက်လံကြည့်ရှုလေ့မရှိဘဲ အခုတကြိမ်မှ ဖခင်ဖြစ်သူနဲ့အတူ ပထမဆုံး ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။
အခုနှစ်မှာ နည်းပြ ဖီးလ်နဗီးလ်ရဲ့ ဦးဆောင်မှုနဲ့အတူ ခြေစွမ်းပြနေတဲ့ အင်္ဂလန် အမျိုးသမီးအသင်းဟာ အစဉ်အလာကောင်းတဲ့ နော်ဝေကို ခြေစွမ်းပြကစားပြီး သုံးဂိုးပြတ်နဲ့ သမိုင်းဝင်နိုင်ပွဲ ရရှိခဲ့တာပါ။
ဒါ့ကြောင့် တဖက်က အိမ်ရှင်ပြင်သစ်နဲ့ လက်ရှိချန်ပီယံ အမေရိကန်တို့ရဲ့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago