ကမ္ဘာ့စံချိန်တင်လိုက်ကြသည့် လူပုလေးစုံတွဲ မင်္ဂလာဆောင်

November 17, 2016

ကမ္ဘာ့စံချိန်တင်လိုက်ကြသည့် လူပုလေးစုံတွဲ မင်္ဂလာဆောင် (ရုပ်သံ)

ဘရာဇီးနိုင်ငံမှ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲတတွဲဟာ ကမ္ဘာ့အသေးငယ်ဆုံး လက်ထပ်ကြတဲ့စုံတွဲအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီး ခုသီတင်းပတ်ထဲမှာ ဆုလက်ခံရယူဖို့ လန်ဒန်ကို သွားရောက်ကြမှာ ဖြစ်ပါတယ်။ သတို့သားဖြစ်သူ ပေါ်လိုဂါဘရီယယ် ဒါဆေးလ်ဗာဘားရော့စ်ဟာ အသက် ၃၁  နှစ်ရှိပြီဖြစ်ပြီး အရပ်အမြင့် ၉၀ ဒသမ ၂၈ စင်တီမီတာရှိကာ သတို့သမီးဖြစ်သူ ကတ်ယူ စီယာ လီဟိုရှီနိုကတော့ အသက် ၂၈ နှစ်နဲ့ အရပ်အမြင့် ၉၁ ဒသမ ၁၃ စင်တီမီတာ ရှိနေတာပါ။ သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက အင်တာနက် လူမှုကွန်ရက်စာမျက်နှာ Orkut ပေါ်မှတဆင့် ချစ်ကျွမ်းဝင်ခဲ့ကြတာလို့ ဆိုပါတယ်။ ပေါ်လိုက “ကျနော် သူ့ကိုစမြင်ကတည်းက အရမ်းလှတယ်လို့ ထင်ခဲ့မိပါတယ်” လို့ ပြောပါတယ်။ သူတို့ ၂ ယောက်ဟာ အွန်လိုင်းပေါ်မှာ နေ့စဉ်စကားပြောခဲ့ကြပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ အပြင်မှာ ချိန်းတွေ့ခဲ့ကြပါတယ်။ သူတို့ဟာ အဲဒီအချိန်တွေတည်းက ခုချိန်ထိ ခိုင်မာတဲ့ ကာလရှည်ကြာဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ပေါ်လိုကတော့ အစိုးရ၀န်ထမ်းတဦးဖြစ်ပြီး ကတ်ယူစီယာကတော့ အလှပြင်ဆိုင် ပိုင်ရှင်တဦး ဖြစ်ပါတယ်။ ဒီကနေ့လက်ထပ်လိုက်တဲ့ အခမ်းအနားမှာတော့ ပေါ်လိုက “ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းမှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခွင့်ရတာကို ကျနော်တို့ ကျေနပ်ပျော်ရွှင်မိပါတယ်။ ရုပ်ဝတ္ထုသွင်ပြင်ဆိုင်ရာ ကွဲပြားမှုတွေ ဘယ်လိုရှိပါစေ၊ တကမ္ဘာလုံး လူတွေဟာ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံကြလိမ့်မယ်လို့ နားလည်ထားပါတယ်” လို့ ပြောပါတယ်။
5 years Ago
Up