ကမ္ဘာလှည့်ခရီးသွား

February 21, 2019

သြစတြေးလျကမ်းခြေတွင် ပျောက်ဆုံးနေသည့် ကမ္ဘာလှည့်ခရီးသွား ၂ ဦးအား ရှာဖွေ

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် မစ်ဒ်နော့သ်ဒေသက ကမ်းခြေတခုမှာ ရေသွားကူးရင်း ပျောက်နေတဲ့ ကမ္ဘာလှည့်ခရီးသွားနှစ်ဦးကို သြစတြေးလျ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်မှာ ဆက်လက်ရှာဖွေနေပါတယ်။ အဲဒီခရီးသွားနှစ်ဦးဟာ ပြည်နယ်တွင်း ပေါ့ပ်မကွာရီမြို့ ကမ်းခြေတခုမှာ ရေသွားကူးရာကနေ ပျောက်နေတာပါ။ အသက် ၂၀ အရွယ် ဗြိတိန်နိုင်ငံသား ဟူဂိုပယ်လ်မာနဲ့ အသက် ၂၁ နှစ်အရွယ် ပြင်သစ်နိုင်ငံသား အာဝင်ဖယ်ရူတို့ဟာ တနင်္ဂနွေနေ့ကတည်းက ပျောက်သွားပြီး သူတို့ရဲ့ ကားသော့တွေ အပါအဝင် ပစ္စည်းတွေကို အဲဒီကမ်းခြေမှာ တနင်္လာနေ့က တွေ့ရပါတယ်။ အဲဒီအမျိုးသားနှစ်ဦးဟာ သြစတြေးလျနိုင်ငံမှာ လှည့်လည်သွားလာနေတာ သုံးလလောက်ရှိပါပြီ။ ရဲတပ်ဖွဲ့ဟာ သူတို့နှစ်ဦး အသက်ရှင်နေသေးတယ်လို့ ယူဆထားပြီး အဲဒီကမ်းခြေတလျှောက် ရေပြင်မှာရော ကမ်းခြေမှာပါ ရေငုပ်သမားတွေ၊ ဒရုန်းတွေသုံးပြီး ရှာနေကြပါတယ်။
3 years Ago

October 19, 2018

ရှေးဟောင်းဘုရားကျောင်းနံရံတွင် ဂရပ်ဖစ်တီ ရေးဆွဲမှုဖြင့် ခရီးသွားနှစ်ဦးကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံမြောက်ပိုင်းက ရှေးဟောင်းဘုရားကျောင်း နံရံတခုမှာ ဂရပ်ဖစ်တီ ရေးဆွဲမှုနဲ့ ဗြိတိန်နဲ့ ကနေဒါ ခရီးသွားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း မြို့ဟောင်းဝင်ပေါက်အနီး နံရံမှာ အသက် ၂၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဖာလွန်လီနဲ့ ကနေဒါနိုင်ငံသား ဘရစ်တနေရှနိုက်ဒါတို့က ဂရပ်ဖစ်တီ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရေးဆွဲခဲ့တဲ့ သူတို့နှစ်ဦးကို သူတို့တည်းခိုရာ ဧည့်ဂေဟာမှာ သွားရောက်ဖမ်းဆီးပြီး ပြည်နယ်တရားရုံးမှာ ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီလို ဖမ်းဆီးတာနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူက “ဒါဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာ ဖြစ်တယ်။ သူတို့နှစ်ဦးကို ရှေးဟောင်းနယ်မြေ လက်သရမ်းဖျက်ဆီးမှုနဲ့ စွဲချက်တင်ပြီး  ပြစ်မှုထင်ရှားရင် ၁ဝ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ဘတ်ငွေ တသန်းထက်မပိုတဲ့ ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်တယ်” လို့ ပြောပါတယ်။
3 years Ago
Up