ကမ္ဘာတ၀န်း အလုပ်သမားများ လုပ်အားခတိုးမြှင့်ပေးရေး မေဒေးနေ့တွင် တောင်းဆို

May 2, 2016

ကမ္ဘာတ၀န်း အလုပ်သမားများ လုပ်အားခတိုးမြှင့်ပေးရေး မေဒေးနေ့တွင် တောင်းဆို

မေလ ၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) မှာ အာရှမြို့ကြီးတွေမှာ ဂုဏ်ပြုတဲ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပြီး ကမ္ဘာတ၀န်း အလုပ်သမားတွေရဲ့ လုပ်အားခ တိုးမြှင့်ပေးရေးနဲ့ လုပ်ငန်းခွင် တိုးတက်ကောင်းမွန်ရေး တောင်းဆိုခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ထောင်သောင်းချီတဲ့ အလုပ်သမားတွေ မြို့လယ်ရင်ပြင်မှာ စုဝေးခဲ့ကြပြီး လက်ရှိအစိုးရရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ သုံးဦးသုံးဖလှယ် ပူးပေါင်းပြီး လုပ်ငန်းခွင်မှာ အလုပ်မလေးနက်တဲ့ အလုပ်သမားတွေကို ဖြုတ်ပစ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီသဘောတူညီချက်ကို လွှတ်တော်မှာ အတည်မပြုရသေးပါဘူး။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အလုပ်သမားတွေက သမ္မတအိမ်တော်အထိ ချီတက်သွားကြပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရေးနဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး တောင်းဆိုခဲ့ကြပါတယ်။ အလုပ်သမားတွေ ချီတက်ရာ လမ်းတလျှောက် လမ်းမတွေကို ပိတ်ဆို့ခဲ့ကြပြီး ရဲလုံခြုံရေးအင်အား ၁၃၀၀ ကျော် ချထားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ အလုပ်သမားတွေ လက်ရှိလုပ်အားခ  ၁၀ ဒေါ်လာကနေ ၁၆ ဒေါ်လာ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မကြာခင် သက်တမ်းကုန်ဆုံးတော့မယ့် သမ္မတ အကွီနို အစိုးရဟာ အလုပ်သမားတွေအရေး ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိဘူးဆိုပြီး သမ္မတရဲ့ ပုံစံရုပ်ကို မီးရှို့ခဲ့ကြပါတယ်။ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွေကို လာမယ့် မေလ ၉ ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။
5 years Ago
Up