ကမ်းလှမ်းထားခြင်းမရှိ

January 11, 2020

ဇာဗီအတွက် ဘာစီလိုနာဘက်က ကမ်းလှမ်းထားခြင်းမရှိဟု ကာတာကလပ် ပြော

အသင်းမန်နေဂျာ ဇာဗီအတွက် ဘာစီလိုနာအသင်းဘက်က ကမ်းလှမ်းတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကာတာကလပ် အယ်လ်အာဆတ်ဘက်က ပြောပါတယ်။  စပိန် သတင်းတွေမှာ ဘာစီလိုနာအသင်းဟာ ကစားသမားဟောင်း ဇာဗီကို လက်ရှိ နည်းပြ ဗယ်ဗာဒီ နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြနေကြပြီး အသင်းရဲ့ အားကစားဒါရိုက်တာ အဲရစ်အဘီဒဲလ်နဲ့ အမှုဆောင် အော်စကာဂရုတို့ဟာ ဇာဗီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ရေးသားနေကြပါတယ်။ ဒီလိုထွက်ပေါ်လာတဲ့ သတင်းတွေကို အယ်လ်အာဆတ်ရဲ့ အထွေထွေမန်နေဂျာ တာကီအယ်လ်အလီက မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး ဇာဗီဟာ တနေ့မှာ သူ့အိမ်ဖြစ်တဲ့ စပိန်မြေကို ပြန်မှာ သေချာတယ်လို့ ပြောပါတယ်။ “ဇာဗီ ဘာစီလိုနာအသင်းကို ပြန်သွားမယ်ဆိုတာက သာမန်ကိစ္စတခုပါပဲ၊ ဒါကို အားလုံးလည်း မျှော်လင့်ထားကြတာပါပဲ။ ဘာစီလိုနာဟာ သူ့ရဲ့အိမ် ဖြစ်ပြီးတော့ တနေ့မှာတော့ သူဟာ သူ့အိမ် ပြန်သွားမှာပါ။ ဒါပေမဲ့ အခုချိန်ထိတော့ ဇာဗီဟာ အယ်လ်အာဆတ်အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိနေဆဲပဲ ဖြစ်ပါတယ်” လို့ အလီက ပြောပါတယ်။  “ဇာဗီနဲ့ အယ်လ်အာဆတ်အသင်းဟာ အခုချိန်မှာတော့ ကာတာဖလားပြိုင်ပွဲအတွက် အာရုံစိုက်နေကြပါတယ်။ ဘာစီလိုနာအသင်းရဲ့ အနေအထားနဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို သိရှိထားပြီးတော့ သူတို့ဟာ ဒီလိုမျိုး အပြောင်းအလဲ ကိစ္စတွေအတွက် တရားဝင်ဆက်သွယ်မှု ပြုလုပ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း” လည်း အယ်လ်အာဆတ်အသင်းဘက်က ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။  ဇာဗီဟာ ဘာစီလိုနာအသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့တဲ့ ဂန္ထဝင်ကစားသမားတဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ကာတာလန်ကလပ်ကို စွန့်ခွာကာ အယ်လ်အာဆတ်အသင်းကို ရောက်ရှိခဲ့ပါတယ်။ ဇာဗီဟာ အယ်လ်အာဆတ်အသင်းမှာ လေးရာသီကြာ ကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူခဲ့ပြီး ၂၀၁၉-၂၀၂၀ ရာသီမှာ အသင်းရဲ့မန်နေဂျာအဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။  စပိန်လက်ရွေးစင်အသင်း ကစားသမားဟောင်းတဦးဖြစ်တဲ့ ဇာဗီဟာ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလား တကြိမ်၊ ဥရောပဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့ပြီး ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ရှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား လေးကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
2 years Ago
Up