ကမ်းလှမ်းခံရဖူး

October 4, 2020

မန်ယူနည်းပြရာထူး ကမ်းလှမ်းခံရဖူးဟု အာဆင်ဝင်းဂါးပြော

မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြလုပ်ဖို့ ကမ်းလှမ်းခံရဖူးတယ်လို့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။  ဒါပေမယ့် ဘယ်အချိန်တုန်းက ကမ်းလှမ်းမှုကိုရရှိခဲ့တာလည်း ဆိုတာကိုတော့ မပြောခဲ့ပါဘူး။  ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ နည်းပြခဲ့သူဖြစ်ပြီး ဒီသက်တမ်းအတွင်းမှာ ယူနိုက်တက်အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်ဖလား ၃ လုံးနဲ့ အက်ဖ်အေဖလား ၇ လုံးရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။  အဲ့ဒီအချိန်ကတည်းက ဝင်းဂါးဟာ အသင်းတစ်သင်းသင်းကို တာဝန်ယူခဲ့တာမျိုး မရှိတာ့ပါဘူး။  ဘယ်အချိန်မှာ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်မှာလဲဆိုတာ မပြောနိုင်ပေမယ့် သူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံးနည်းပြရာထူးတွေအတွက် ကမ်းလှမ်းခြင်းခံခဲ့ရဖူးတယ်လို့ ဝင်းဂါးက ပြောပါတယ်။  ပြင်သစ်သတင်းဌာနတခုနဲ့ တွေ့ဆုံချိန်မှာ သူက အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဝင်းဂါးက သူ့ကို ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့က နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့ဖူးတယ်လို့ပြောဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကရော ကမ်းလှမ်းခဲ့ဖူးလားလို့ မေးမြန်းခဲ့ရာမှာ yes လို့ ပြန်ဖြေခဲ့ပါတယ်။  ဘယ်အချိန်တုန်းက ကမ်းလှမ်းခဲ့တာလဲလို့ ထပ်မံမေးမြန်းခဲ့ရာမှာတော့ ဒါတော့မပြောဘူးလို့ ရယ်ရယ်မောမောနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။  “အချိန်အတိအကျကိုတော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ပြောနိုင်တာက ယူနိုက်တက် အသင်းက ကျနော့်ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ ဝင်းဂါးက ပြောပါတယ်။  ဝင်းဂါးက ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပေမယ့် သူတို့ ၂ ဦးဟာ ဒီနေ့အထိ အဆက်အသွယ်မပြတ်ရှိနေသေးတယ်လို့လည်း ပြောပါတယ်။  အခုခေတ်နည်းပြတွေနဲ့ရော အဆက်အသွယ်ရှိပါသလားလို့ ဝင်းဂါးကို ထပ်မံမေးမြန်းခဲ့ရာ အာဆင်နယ်နည်းပြဟောင်းက “သူတို့တွေကတော့ အရမ်းကိုအလုပ်များတဲ့သူတွေပါ။ ကျနော် သူတို့နဲ့ သိပ်ပြီး မရင်းနှီးပါဘူး။ ဖာဂူဆန်ကလွဲရင်ပေါ့။ ကျနော်မှာ ဖာဂူဆန်ရဲ့ ဖုန်းနံပါတ်ရှိ နေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်လေးစားမှုရှိနေပါတယ်။ ကျနော်တို့ကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ အချိန်တွေရှိခဲ့ပေမဲ့ အဲ့ဒါတွေပြီးဆုံးသွားချိန်မှာတော့ ကျနော်တို့ ပိုပြီး နီးကပ်မှုရှိလာပါတယ်” လို့ ပြောပါတယ်။ 
7 months Ago
Up