ကမ်းလှမ်းခဲ့ခြင်းမရှိ

September 22, 2020

လီဗာပူးတိုက်စစ်မှူးကို ကမ်းလှမ်းခဲ့ခြင်းမရှိဟု ခရစ္စတယ်ပဲလေ့စ် ပြော

လီဗာပူးအသင်းရဲ့ လူငယ်တိုက်စစ်မှူး ရာဟင်းဘန်ရူးစတားကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေကို ခရစ္စတယ်ပဲလေ့စ်အသင်းဘက်က ငြင်းဆိုလိုက်ပါတယ်။  ဒီသတင်းကို Sky Sports မှာဖော်ပြထားတာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ဘက်က ဘန်ရူးစတားကို ကနဦးပေါင် ၁၉ သန်း၊ အပိုဆုကြေး ၆ သန်းနဲ့ တနင်္လာနေ့ က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီကမ်းလှမ်းမှုမှာ လီဗာပူးအသင်းဘက်က အင်္ဂလန် ယူ-၂၁ ကစားသမားကို ပြန်လိုချင်တယ် ဆိုရင် ပေါင် ၃၇ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်ကတော့ အသက် ၂၀ အရွယ် ကစားသမားအတွက် ဘာကမ်းလှမ်းမှုကိုမှ မလုပ်ထားဘူးလို့ လူမှုကွန်ရက်တွစ်တာမှာ ငြင်းဆိုလိုက်ပါတယ်။  “ဒီသတင်းကို ပြန်ဖြုတ်ချဖို့ သတင်းဌာနကိုလည်း ပြောဆိုခဲ့ပြီးပါပြီ။ ဒါဟာ အဓိပ္ပာယ်မရှိပါဘူး။ ကျနော်တို့ ဘာကမ်းလှမ်းမှုမှ မလုပ်ထားပါဘူး။”  ပဲလေ့စ်အသင်းဟာ ဘန်ရူးစတားနဲ့ သတင်းထွက်တဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲက တစ်ခု ဖြစ်ပြီးတော့ ရှက်ဖီးလ်နဲ့ အက်စတွန်ဗီလာတို့ကလည်း ဒီကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားအတွက် လီဗာပူးနဲ့ စကားပြောဆိုထားတယ်လို့ ရှက်ဖီးလ်နည်းပြက အတည်ပြုထားပါတယ်။  ဘန်ရူးစတားဟာ လီဗာပူးအသင်းကြီးကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ၄ ပွဲသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။ သူဟာ လီဗာပူးရဲ့ နာမည်ကျော်တိုက်စစ်အတွဲအဖက်နောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။  လီဗာပူး နည်းပြ ကလော့ပ်က မာနေး၊ ဖာမီနိုနဲ့ ဆာလတ်တို့ကို ပုံမှန် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုနေပြီး သူတို့နောက်မှာ အိုရီဂီနဲ့ မီနာမီနိုတို့က အရန်ကစားသမားအဖြစ် ရှိနေပါတယ်။  ဒါ့အပြင် ဒီနွေရာသီအပြောင်းအရွေ့မှာလည်း ဝုဗ်အသင်းရဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာကို ခေါ်ယူထားတာကြောင့် ဘန်ရူးစတားဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုရင် အသင်းပြောင်းဖို့ နည်းလမ်းပဲ ကျန်တော့တာ ဖြစ်ပါတယ်။
8 months Ago
Up