ပရီးမီးယားထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကိုဝယ်ယူဖို့ ကာတာဝန်ကြီးချုပ်ဟောင်း သား ရှိတ် ဂျဆင်းမ် ဘင်ဟာမတ် အယ်လ်သာနီက ဖေဖော်ဝါရီ ၁၇ ရက်က တရားဝင် ကမ်းလှမ်းခဲ့ပါတယ်။
ရှိတ်ဂျဆင်းမ်ဟာ ဒီ ပင်လယ်ကွေ့နိုင်ငံထဲက အချမ်းသားဆုံးပုဂ္ဂိုလ်တွေထဲက တဦးဖြစ်တဲ့ ရှိတ် ဟာမတ် ဘင် ဂျဆင်းမ် ဘင် ဂျဘား အယ်လ်သာနီ ရဲ့ သားဖြစ်ပါတယ်။
ဒီကမ်းလှမ်းမှုဟာ ရှိတ်ဂျဆင်းမ်ရဲ့ နိုင်းတူး ဖောင်းဒေးရှင်း ကတဆင့် ကြွေးမြီကင်းစင်တဲ့ အသင်းဝယ်ယူမှုတခုဖြစ်ပြီး ဘောလုံးအသင်းတွေ အပါအဝင် လေ့ကျင့်ရေးစင်တာ၊ အားကစားကွင်းနဲ့ ပိုကျယ်ပြန့်တဲ့ အခြေခံအဆောက်အအုံတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံသွားမယ်” လို့ သူ့ရဲ့ကိုယ်စားလှယ်ဖြစ်သူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု အကြိမ် ၂၀ နဲ့ စံချိန်တင်ထားနိုင်တဲ့ မန်ယူနိုက်တက် ဘောလုံးအသင်းကို ဝယ်ယူဖို့ သဘောတူညီချက်ဟာ ယူနိုက်တက်ပြိုင်ဘက် ချယ်လ်ဆီးအသင်း အတွက် ကြွေးမြီအပါ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅.၂ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့ပမာဏထက် ကျော်လွန်ဖွယ်ရှိတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
ဘဏ္ဍာရေးဆိုင်ရာအကြံပေး ကုမ္ပဏီတခုဖြစ်တဲ့ ဒီလွိုက်ရဲ့ အသေးစိတ် လေ့လာသုံးသပ်ချက်အရ ယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အချမ်းသာဆုံး ဘောလုံးကလပ်တခု ဖြစ်တယ်လို့ သိရပါတယ်။
ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာကလည်း ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ဆော်ဒီအာရေးဗီးယားဘက်က ကမ်လှမ်းမှုတခု တင်သွင်းခဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ တသက်တာပရိသတ်တဦးဖြစ်တဲ့ ဗြိတိန်ဘီလီယံနာ ဂျင်မ် ရတ်ကလစ်ဖ် ကလည်း အပြီးသတ်ဝယ်ယူဖို့ ကမ်းလှမ်းသူတွေထဲမှာ ပါဝင်လာပါတယ်။
ဓာတုပစ္စည်းကုမ္ပဏီ INEOS တည်ထောင်သူ ဂျင်မ်ရတ်ကလစ်ဖ်ဟာ အမေရိကန် ပုဂ္ဂလိက အစုရှယ်ယာ ကုမ္ပဏီတွေနဲ့လည်း ယှဉ်ပြိုင် ဝယ်ယူရဖွယ်ရှိတယ်ဆိုပြီး သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဘရာဇီးလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းချက်ကို နည်းပြဂွါဒီယိုလာက ပယ်ချလိုက်ပါတယ်။
ဘရာဇီးအသင်းဟာ နည်းပြ တက်တေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာလမ်းခွဲခဲ့တာပါ။ နည်းပြသစ်ရာထူးအတွက် နိုင်ငံခြားသားနည်းပြတစ်ဦးကို ၁၉၄၄ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်ခန့်အပ်ဖို့ ရှာဖွေနေတာပါ။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ကူညီမှုနဲ့ ဂွါဒီယိုလာကို တာဝန်ပေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဂွါဒီယိုလာဘက်က လက်မခံခဲ့တာလို့ သိရပါတယ်။
ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းကို ဥရောပချန်ပီယံလိဂ် ဆုဖလားရယူပေးဖို့ စိတ်အားထက်သန်နေပြီး အဲဒီရည်မှန်းချက် အထမြောက်တဲ့အချိန်မှသာ နိုင်ငံ့လက်ရွေးစင် အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။