ကမ်းလွန်လုပ်ကွက်

A d v e r t i s e m e n t With Us

February 18, 2020

ကမ်းလွန်လုပ်ကွက် မဟာ ၁ အစမ်းတွင်းမှ တနေ့ဓာတ်ငွေ့ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်ထွက်မည်

မြန်မာ့ကမ်းလွန်လုပ်ကွက် A-3 ရှိ မဟာ ၁ အစမ်းတွင်းကနေ  သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော်အထိ ထွက်ရှိမယ်လို့ စမ်းသပ်အတည်ပြုနိုင်တဲ့ အကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီလုပ်ကွက်မှာ တောင်ကိုရီးယား  POSCO ကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ONGC ကုမ္ပဏီက ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL ကုမ္ပဏီမှ ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကိုရီးယား  KOGAS ကုမ္ပဏီက ၈ ဒသမ၅ ရာခိုင်နှုန်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မဟာ ၁  တွင်းကို ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်က Top Hole စတင်တူးဖော်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီ ၁၉ ရက်မှာ ရည်မှန်းအနက် ၂၅၉၈ မီတာ (၈၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မဟာ ၁ တွင်းမှာ စမ်းသပ်တိုင်းတာရရှိတဲ့ အချက်အလက်တွေအရ သဘာဝ ဓာတ်ငွေ့ ခိုအောင်းနေတဲ့ ရည်မှန်းသဲကြော G4 ကို အနက် ၁၁၄၇ မီတာမှာ တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ (၄၀ ပေ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တနေ့ကို ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းမှာ ကိုရီးယားအခြေစိုက် POSCO international ကုမ္ပဏီက မြ(၁) ရှာဖွေရေးတွင်းကို ၂၀၀၅ ခုနှစ်မှာ စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ပါတယ်။  ဒီနောက် ၂၀၀၉ ခုနှစ်မှာ လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နဲ့ လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တနေ့ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံအနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 မှာတည်ရှိတဲ့ သဘာဝဓာတ်ငွေ့ အစမ်းတွင်း မဟာ(၁) တူးဖော်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အစိုးရလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနဲ့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်မနက်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
1 year Ago

December 18, 2019

ကမ်းလွန်လုပ်ကွက် A-6 မှ သဘာဝဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်ရန် စာချုပ်ချုပ်ဆို

ဧရာဝတီတိုင်း၊ ကမ်းလွန်လုပ်ကွက် A-6 ကနေ  သဘာဝဓာတ်ငွေ့တွေ စီးပွားဖြစ် ထုတ်လုပ်ဖို့ ဘဏ္ဍာရေးဆိုင်ရာ သဘောတူစာချုပ်တွေကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေအကြား လက်မှတ်ရေးထိုးလိုက်ပါတယ်။ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရောင်းချမှုဆိုင်ရာ ကဏ္ဍတွေမှာ ဘဏ္ဍာရေးဆိုင်ရာ မူဘောင်တရပ် ချမှတ်နိုင်ဖို့အတွက် Adjustment of Production Sharing Contracts and Fiscal Terms ဆိုင်ရာ စာချုပ်တွေကို ဒီဇင်ဘာ ၁၆ ရက်က နေပြည်တော်မှာ ချုပ်ဆိုခဲ့ကြတာလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ စာချုပ်တွေကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနဲ့  MPRL E&P ကုမ္ပဏီက ဦးစည်သူမိုးမြင့်၊ Woodside Energy (Myanmar) ကုမ္ပဏီကက ရေဘက္ကာလူဝစ်နဲ့ Total E&P (Myanmar)ကုမ္ပဏီက ရိုမာရစ်ရိုဂနန်တို့က စာချုပ်တွေကို လက်မှတ်ရေးထိုး လဲလှယ်ကြပါတယ်။ အဲဒီကမ်းလွန်လုပ်ကွက် A-6 မှာ ရှာဖွေတွေ့ထားတဲ့ သဘာဝဓာတ်ငွေ့ပမာဏဟာ အချိန်တိုအတွင်း စီးပွားဖြစ်ထုတ်လုပ်ပြီး နိုင်ငံတော်ပြည်တွင်း သုံးစွဲနိုင်ရေးအတွက် အထူးအားထားရမယ့်စီမံကိန်း ဖြစ်ပြီး နိုင်ငံအတွက် ပထမဆုံး ရေအလွန်နက်တဲ့ဒေသမှာရှိတဲ့ ကမ်းလွန်စီမံကိန်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ မြန်မာတွေ ဦးဆောင်တဲ့ MPRL E&P ကုမ္ပဏီဟာ လုပ်ကွက် A-6 မှာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ကို ၂၀၀၇ ခုနှစ်မှာ ချုပ်ဆိုပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေတိုင်းတာရေးနဲ့ တူးဖော်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ အလားအလာရှိတဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သြစတြေးလျအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Woodside Energy (Myanmar) ကဦးဆောင်ပြီး Total E&P (Myanmar) ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ရှာဖွေရေးနှင့် တူးဖော်ရေးလုပ်ငန်းတွေ ဆက်လုပ်ခဲ့တာပါ။ Woodside ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အမှုဆောင် ဒု ဥက္ကဋ္ဌ မက်ဂျ်အိုနေးလ်က “A 6 ကမ်းလွန်လုပ်ကွက် တည်ဆောက်ရေးလုပ်ငန်းဟာ တူးဖော်တာနဲ့ အကဲဖြတ်တဲ့အဆင့်ကနေ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ဒီဇိုင်းဖော်ဆောင်တဲ့အဆင့်ကို ရောက်နေပြီဖြစ်လို့ ဒီနေ့က အလွန် အရေးပါတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။ A-6 ကမ်းလွန်လုပ်ကွက် အကျိုးတူမိတ်ဖက်တွေနဲ့ မြန်မာနိုင်ငံအစိုးရတို့အကြား မြန်မာ့ပထဆုံးသော အရမ်းနက်တဲ့ ရေနက်ပိုင်းအရင်းအမြစ် စီးပွားရေး လုပ်ငန်းဖော်ဆောင်မှုဆိုင်ရာ ဘဏ္ဍာရေးမူဘောင်တခုကို သဘောတူညီနိုင်ခဲ့ပါတယ်။ A-6 ဟာ နိုင်ငံအတွက် ရေရှည်ဝင်ငွေ၊ အခွန်ငွေနဲ့ လုပ်ငန်းလုပ်ကွက် ငှးရမ်းမှုဆိုင်ရာ အခကြေးငွေ စတဲ့ အကျိုးရလဒ်ကောင်းတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်မှု ကန်ထရိုက်နဲ့ လုပ်သား ၃၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ A-6 လုပ်ကွက်မှာ ရေအောက် မီတာ ၂၀၀၀ ကနေ ၂၃၀၀ အနက်မှာ ရေနက်တူးဖော်ရေးလုပ်ငန်း ၁၀ ခု (အဆင့် ၁ မှာ ၆ တွင်း၊ အဆင့် ၂ မှာ ၄ တွင်းအထိ) ပါမှာဖြစ်ပါတယ်။ ဓာတ်ငွေ့တွေကို ရတနာကမ်းလွန်လုပ်ကွက်နားက တင်ပို့မှုလုပ်ကွက်နေရာကို ကီလိုမီတာ ၂၄၀ ရှည်တဲ့ ပိုက်လိုင်းနဲ့ ပို့သွားမှာ ဖြစ်ပြီး ဓာတ်ငွေ့တွေကို အဲဒီနေရာကတဆင့် တည်ရှိပြီးသား ပိုက်လိုင်းတွေကိုသုံးပြီး မြန်မာနဲ့ ထိုင်းကို ၂၀၂၃ နှစ်ကုန်ပိုင်းက ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။
1 year Ago
Up