ကမ်းလွန်ပင်လယ်

April 15, 2020

ရွှေ့ပြောင်းနေထိုင်သူများ Quarantine ခံယူရန် အီတလီ ကမ်းလွန်ပင်လယ်ထဲ စောင့်ဆိုင်းနေ

အီတလီနိုင်ငံ စစ္စလီကျွန်းစုရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ကယ်ဆယ်ခံရတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေဟာ သူတို့ကို ကယ်ဆယ်တဲ့ ဂျာမန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့ (NGO) နဲ့အတူ အီတလီအစိုးရရဲ့ အသွားအလာ ကန့်သတ်မှု Quarantine ခံယူဖို့ ဧပြီ ၁၄ ရက်က ပင်လယ်ထဲမှာ စောင့်ဆိုင်းနေပါတယ်။ လက်ရှိ နိုင်ငံတကာ ရေပိုင်နက်အတွင်း ရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ အစစ်ခံဖို့ တခြား သင်္ဘောတစီးပေါ်မှာ အသွားအလာ ကန့်သတ်မှု ခံယူရမယ်လို့ အီတလီအစိုးရက ပြောထားပါတယ်။  အရေးပေါ်ကျန်းမာရေး အခြေအနေ ထုတ်ပြန်ထားတဲ့ ကာလအတွင်း  ရွှေ့ပြောင်းလာသူတွေကို လက်ခံတဲ့ ဆိပ်ကမ်းတွေကို အီတလီအစိုးရက  ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပိတ်ခဲ့ပြီး အဲဒီတားမြစ်ချက်က ဇူလိုင် ၃၁ ရက်အထိ ဆက်အသက်ဝင်နေမှာ ဖြစ်ပါတယ်။   အာဖရိကကနေ အီတလီနိုင်ငံကို ဝင်ရောက်လာမှု ငြိမ်သက်ခဲ့ပြီးနောက် ဇန်နဝါရီနဲ့ ‌ဖေဖော်ဝါရီလ နှစ်လမှာ ပြန်မြင့်တက်ခဲ့ပါတယ်။ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေတဲ့ မတ်လမှာတော့ ရွှေ့ပြောင်းလာသူ အရေအတွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ လှေငယ်တွေနဲ့ အီတလီကို ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေဟာ ဆက်ရှိနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

December 29, 2019

ဂျပန်ကမ်းလွန်ပင်လယ်တွင် အလောင်းငါးလောင်းထက်မနည်းပါသည့် လှေတစီးတွေ့

ဂျပန်ကျွန်းစုအနောက်မြောက်ဘက် နိအိဂါတာခရိုင်ထဲက ကျွန်းတကျွန်းရဲ့ ကမ်းလွန်ပင်လယ်မှာ ဒီဇင်ဘာ ၂၈ ရက်က သံသယဖြစ်ဖွယ် သစ်သားလှေတစီးပေါ်ကနေ အလောင်း ၅ လောင်းထက်မနည်း တွေ့ခဲ့တယ်လို့ ကမ်းရိုးတန်းစောင့်တပ် အရာရှိတယောက်က ပြောပါတယ်။ ဆာဒိုကမ်းရိုးတန်းစောင့် တပ်စခန်းကပေးတဲ့ လှေရဲ့ ဓာတ်ပုံတွေထဲမှာတော့ လှေအပြင်မှာ ကိုရီးယားဘာသာစကားနဲ့ ရေးထားတဲ့ စာတွေ၊ ဂဏန်းတွေကို မြင်ရပြီး သေဆုံးသူတွေဟာ မြောက်ကိုရီးယားက လူတွေလို့ သံသယရှိနေကြပါတယ်။ သူတို့ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ကမ်းရိုးတန်းစောင့်တပ်က အရာရှိ ခဲအိချိနန်က ပြောပါတယ်။ အရင်လကလည်း ဆာဒိုကျွန်းရဲ့ ကမ်းခြေဆီ သစ်သားလှေတစီး မျောပါလာခဲ့သေးတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
2 years Ago
Up