ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရေးအတွက် Investor Targeting Campaign ကို စီစဉ်ဆောင်ရွက်နေပြီး အစီအစဉ်အရ တရုတ်နဲ့ ရုရှား အပါအဝင် သင့်တော်တဲ့ မိတ်ဆွေနိုင်ငံတွေကို ဆွဲဆောင်စည်းရုံးသွားမယ်လို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
ဒီ့အတွက် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ကုမ္ပဏီတွေ ပြန်လည်ဝင်ရောက် ရင်းနှီးမြှုပ်နှံလာဖို့အတွက် စစ်ကောင်စီဟာ ဘက်ပေါင်းစုံက စဉ်းစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခုလိုဆောင်ရွက်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ခိုင်မာတဲ့ အာမခံချက်နဲ့ စီးပွားရေး အကျိုးရလဒ်တွေအတွက် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ကာကွယ်ပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြည်ပသတင်းမီဒီယာတွေနဲ့ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ပြီး ဖြေကြားခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီက စီမံနေသလို ဖြစ်လာဖို့က လက်ရှိအခြေအနေမှာတော့ ထင်သလောက် မလွယ်ကူတဲ့ အနေအထားမှာရှိနေပါတယ်။
စီးပွားရေးသုတေသီတဦးက “တရုတ်အနေနဲ့ မြန်မာကို ၁၉၈၈ တုန်းကလို ကူညီသလိုမျိုး အလုံးလိုက်၊ အခဲလိုက် ဝင်လာမဲ့ အနေအထားမျိုးမရှိဘူးနော်။ အခုလည်း ကျနော်တို့ သိရသလောက်က စောင့်ကြည့်အနေအထားပဲ ရှိပါတယ်။ ဘာကြောင့်လဲဆို တရုတ်က နယ်စပ် ဂိတ်ပေါက်တွေ အကုန်လုံးကို မဖွင့်ပေးသေးဘူးနော်။ နယ်စပ်ဂိတ်ပေါက်တွေ အကုန်လုံးကို ဖွင့်ပေးလိုက်ရင်တောင် အဲ့ဒီကနေ စစ်ကောင်စီအတွက် အခွန်အခတွေ အများကြီးရနိုင်တယ်။ တဖက်က ကြည့်ရင်တော့ စစ်ကောင်စီအတွက် အခွန်တွေ မရတော့ ကောင်းတာပေါ့နော်။ ပြီးတော့ တရုတ်ရဲ့ နိုင်ငံရေး ပေါ်လစီ၊ စီးပွားရေးပေါ်လစီက ယခင် ၁၉၈၈ တုန်းကလို ရက်ရက်ရောရောနဲ့ ပေါချောင်ကောင်းရတယ် ဆိုပြီး တရုတ်က မျက်စိမှိတ်ဝင်လာမယ့် အနေအထား မရှိဘူး။ ဒါပေမဲ့ တခုတော့ ရှိတယ်။ တရုတ်က ဖျာဦးတာမျိုးတော့ လုပ်နိုင်တယ်။ အဆိုပြုထားတာပေါ့ဗျာ။ တကယ်က မလုပ်ဘူးလေ။ ဖျာဦးထားတယ်ပုံစံမျိုးပဲ လုပ်နိုင်တယ်။ အဲ့ဒါကိုပဲ စစ်ကောင်စီက ဘယ်နိုင်ငံက ဒေါ်လာသန်းဘယ်လောက် လာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုပြီး ကြွေးကြော်ရင် ကြွေးကြော်မယ်။ ဒါပေမဲ့ လာရောက်ရင်းနှီးမြှုပ်နှံပြီလားဆိုရင် လာရောက်ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူးနော်။ အဲ့ဒါမျိုးတွေ ရှိလာနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးရဲ့အဆိုအရ စစ်တပ်မှအာဏာသိမ်းပြီးနောက် (၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်အထိ) ရင်းနှီးမြုပ်နှံမှုကဏ္ဍပေါင်း ၁၂ ခု၊ လုပ်ငန်းပေါင်း ၄၄ ခုရှိကာ တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ သန်း ခွင့်ပြုပေးခဲ့ပြီး အဲဒီထဲက လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၆၂ သန်းနဲ့ အများဆုံးရှိပြီး ဝန်ဆောင်မှုကဏ္ဍ အမေရိကန်ဒေါ်လာ ၂၃၇ သန်း နဲ့ စက်မှုကဏ္ဍ ၁၉၉ သန်း ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူတွေအတွက် စစ်ကောင်စီက အာမခံချက်အပြင် နိုင်ငံတကာမှ စီးပွားရေး စံသတ်မှတ်ချက်၊ လုံခြုံရေးနဲ့ လိုအပ်လာပါက တခြားသောဖြေလျှော့မှုတွေကို အဓိကထားဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့ ပြင်ပကမ္ဘာမှ မဟုတ်မမှန် လုပ်ကြံချဲ့ကား သတင်းများကို မယုံကြဘဲ စိတ်ချ လက်ချ ရဲရဲတင်းတင်း မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ အလေးအနက်ဖိတ်ခေါ်လိုကြောင်း ပြောဆိုခဲ့ပါတယ်။
ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အကြမ်းဖက်စစ်ကောင်စီ ခွင့်ပြုတဲ့ မည်သည့်ရင်းနှီးမြှုပ်နှံမှုကိုမဆို တရားမဝင်ကြောင်း အသိပေးပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ လာမယ့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးကမ်ပိန်းစတင်လိုက်ပြီး ကနဦးကျောင်းသားကျောင်းသူဦးရေ ၂,၀၀၀ ကို Sinopharm ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဒီကာကွယ်ဆေးထိုးကမ်ပိန်းကိုတော့ ချူလာဘွန် တော်ဝင်ဆေးသိပ္ပံ(စီအာရ်အေ)က မြို့ တော်ဘန်ကောက်နဲ့ အနီးတဝိုက်စာသင်ကျောင်းတွေက အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်း ကျောင်းသားကျောင်းသူတွေကို မိဘတွေရဲ့ သဘောတူညီမှုနဲ့ ထိုးနှံပေးခဲ့တာလို့ ဆိုပါတယ်။
စီအာရ်အေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အခမဲ့ထိုးနှံပေးမှာဖြစ်ကာ စာသင် ကျောင်းပေါင်း ၁၃၂ ကျောင်းက ကျောင်းသားကျောင်းသူဦးရေ ၁၈၀,၀၀၀ ကို ထိုးနှံပေးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကိုတော့ ထိုင်းနိုင်ငံ အစားအစာနဲ့ ဆေးဝါးကွပ် ကဲရေးဦးစီးဌာနကလည်း အတည်ပြုချက်ရယူပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကာကွယ်ဆေးဟာ လူငယ်တွေအတွက် ဘေးကင်းကြောင်းနဲ့ တရုတ်၊ ချီလီ၊ သီရိလင်္ကာ၊ ယူအေအီးနိုင်ငံက လူငယ်တွေကိုပါ အသုံးပြုထိုးနှံခဲ့ပြီးဖြစ်တယ်လို့ စီအာရ်အေရဲ့ အထွေထွေအတွင်းရေးမှူး နီထိ မန်ဟန်နွန်ဒါက ပြောပါတယ်။
ဒီကမ်ပိန်းကိုတော့ မှတ်ပုံတင်ထားတဲ့ ကျောင်းသားကျောင်းသူတွေအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့် အောက်တိုဘာလလယ်လောက်မှာ ပြီးစီးနိုင်မယ်လို့ သူက ခန့်မှန်းထားပါတယ်။
ကာကွယ်ဆေးထိုးကမ်ပိန်းမှာတော့ စီအာရ်အေအနေနဲ့ ဆေးထိုးနှံပြီးအခြေအနေတွေကို နောက်တနေ့၊ တပတ်အကြာ၊ တလအကြာ ၃ ကြိမ်စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတဝန်း စာသင်ကျောင်းတွေကိုတော့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လာမယ့် နိုဝင်ဘာလထဲမှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၁ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အဖြစ် ဖွင့်လှစ်မယ့် အချိန်မတိုင်မီ ကာ ကွယ်ဆေးတကြိမ်ထိုးနှံမှုကိုတော့ အန္တရာယ်ရှိ အနီရောင်ဇုန်နယ်မြေ ၂၉ ခုက ကျောင်း သားကျောင်းသူတွေကို ဦးစားပေးဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။
အဆိုပါ အန္တရာယ်ရှိ အနီရောင်ဇုန် နယ်မြေ ၂၉ ခုထဲမှာတော့ စာသင်ကျောင်းပေါင်း ၁၅,၄၆၅ ခုရှိနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၄၈ သန်းကျော်၊ သေဆုံးသူ ၁၅,၀၀၀ ကျော်ရှိနေပါတယ်။