ကမ်းတက်စစ်သည်ဟောင်း ပေါလ်ဝီလန်

A d v e r t i s e m e n t With Us

June 16, 2020

ကမ်းတက်စစ်သည်ဟောင်း ပေါလ်ဝီလန်ကို သူလျှိုမှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ရုရှားစီရင်

ကမ်းတက်စစ်သည်ဟောင်း ပေါလ်ဝီလန်ကို အမေရိကန် နိုင်ငံအတွက် သူလျှိုထောက်ပေးမှုနဲ့ အပြစ်ရှိကြောင်း ရုရှာတရားရုံးက ဇွန်လ ၁၅ ရက်မှာ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၆ နှစ် ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးကို စံတင်လောက်အောင် ချိုးဖောက်မှုဖြစ်ပြီး ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်လို့ ရုရှားဆိုင်ရာ အမေရိကန်သံအမတ် ကြီးက ပြောပါတယ်။ ရုရှား ပြည်ထောင်စု ထောက်လှမ်းရေးဌာနက သူလျှိုတွေက အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ အိုင်းရစ်ရှ် နိုင်ငံကူးလက်မှတ်တွေ ကိုင်ဆောင်သူ ဝီလန်ကို သူတည်းခိုရာ မော်စကိုက ဟိုတယ်မှာ ၂၀၁၈ ဒီဇင်ဘာ ၂၈ ရက်က ဖမ်းဆီးခဲ့တာပါ။ အသက် ၅၀ အရွယ် ဝီလန်ကို အမျိုးအစားခွဲထားတဲ့ သတင်းအချက်အလက်တွေပါတဲ့ ကွန်ပျူတာ သတင်းအချက်အလက် သိုလှောင်ရေး ကိရိယာ flash drive နဲ့အတူ လက်ပူးလက်ကြပ် ဖမ်းမိတာလို့ ရုရှားအစိုးရက ပြောပါတယ်။ ဝီလန်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းပါတယ်။ အားလပ်ရက် အမှတ်တရ ဓာတ်ပုံတွေ ပါတယ်လို့ ထင်ထားတဲ့ flash drive ကို ရုရှား အသိအကျွမ်း တယောက်က သူ့ကို ပေးခဲ့တာဖြစ်ပြီး ထောင်ချောက်ဆင်ခံရတာလို့ ပြောပါတယ်။ ဝီလန်ဟာ သူ့ထောင်ဒဏ်ကို လုံခြုံရေး အမြင့်ဆုံး ထောင်မှာ ကျခံရမယ်လို့ မော်စကို မြို့ တရားရုံးက ပြောပါတယ်။ နိုင်ငံတော် လျှို့ဝှက်ချက် ဆွေးနွေးမှုတွေ ပါနေလို့ သူ့အမှုကို ပိတ်ခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဝီလန်ဟာ အမေရိကန်စစ်တပ် ထောက်လှမ်းရေး ဗိုလ်မှူးကြီးအဆင့်ထက် မနည်း ရာထူးရှိသူအဖြစ် ရုရှားအစိုးရ ရှေ့နေတွေက စွပ်စွဲထားပြီး လုံခြုံရေး အမြင့်ဆုံးထောင်မှာ ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ်ချဖို့ တောင်းဆိုခဲ့ကြပါတယ်။ လက်နက်ကုန်သည် ဗစ်တာ ဘောက်ထ်နဲ့ အမေရိကန်နိုင်ငံထဲကို ကိုကင်း မှောင်ခိုကူးရာမှာ ပါဝင်သူအဖြစ် အမေရိကန် အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားတဲ့ လေယာဉ်မှူး ကွန်စတန်တင် ယာရိုရှန်ကိုတို့ကို ပြန်လွှတ်ပေးဖို့ ရုရှားအစိုးရက အမေရိကန်အစိုးရကို အကြိမ်ကြိမ် ဆော်သြခဲ့ဖူးပါတယ်။
9 months Ago
Up