တောင်တရုတ်ပင်လယ်အတွင်းက ပိုင်နက်အငြင်းပွားနေတဲ့ သီတူကျွန်းပေါ်မှာ ကမ်းခြေချဉ်းကပ်လမ်းကို ဖိလစ်ပိုင်အစိုးရက ဇွန် ၉ ရက်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ဒါကို ဆောက်တာလို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီချဉ်းကပ်လမ်းကို စစ်ရေးအရ စစ်ပုံသွင်းဖို့ ရည်ရွယ်ချက်အဖြစ် မရှုမြင်သင့်ဘူးလို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
သီတူကျွန်းကမ်းခြေချဉ်းကပ်လမ်းဟာ အကြီးစားပစ္စည်းကိရိယာတွေ ထောက်ပံ့ရေး ပစ္စည်းတွေကို ပင်လယ်ကနေ ကျွန်းပေါ်သယ်နိုင်စေမှာ ဖြစ်ပြီး ပထမဆုံး အကြီးစားအခြေခံ အဆောက်အဦ စီမံကိန်းလည်း ဖြစ်ပါတယ်။
ဒီကျွန်းကို ဖိလစ်ပိုင်က ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ သိမ်းပိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
သီတူကျွန်းဟာ ပါလာဝမ်ကျွန်းမကြီးက ပွာတိုပရင်စေဆာမြို့ အနောက်ဘက် မိုင် ၃၀၀ နီးပါး အကွာမှာရှိပြီး ဖိလစ်ပိုင် အရပ်သား ၂၀၀ လောက် နေထိုင်ရာကျွန်းပါ။
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်က ထိန်းချုပ်ထားတဲ့ နယ်မြေ ၉ ခုထဲမှာ အကြီးဆုံး ကျွန်းလည်း ဖြစ်ပါတယ်။
တရုတ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ဟာ ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေတွေကို သူတို့ပိုင်တယ်လို့ အခိုင်အမာ ပြောနေကြပါတယ်။
9 months Ago