ကမ်းဘရစ်ဒ်ဂ်ျမြို့စားကတော် ကိတ်မစ်ဒဲလ်တန်ရဲ့ အပေါ်ပိုင်းဗလာကျင်းဓာတ်ပုံတွေကို ပြင်သစ်မဂ္ဂဇင်းတစောင်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ အမှုအတွက် ရုံးတင်စစ်ဆေးမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ ပြင်သစ်တရားရုံးတခုက ဇူလိုင် ၃ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ကိတ်နဲ့ မင်းသား ဝီလျံတို့ရဲ့ အပေါ်ပိုင်းဗလာကျင်း ဓာတ်ပုံတွေကို မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ရိုက်ကူးဖော်ပြခံခဲ့ရပြီးနောက် ထပ်ပြီး မပြန့်ပွားစေဖို့အတွက် မင်းသားနဲ့ မြို့စားကတော်တို့က တရားစွဲဆိုခဲ့ကြတာပါ။
ဒီအဖြစ်အပျက်ဟာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံ လွီးဘေးအွန်ဒေသမှ ပုဂ္ဂလိက အိမ်ယာတခုရဲ့ အိမ်ဝရန်တာမှာ အပေါ်ပိုင်းဗလာကျင်း အနေအထားနဲ့ ရှိနေချိန် ရိုက်ကူးခံခဲ့ရတာပါ။
တော်ဝင်စုံတွဲရဲ့ အပေါ်ပိုင်းဗလာကျင်းပုံတွေကို အောင်မြင်ကျော်ကြားသူတွေရဲ့ အတွင်းရေးတွေကို ရေးသားဖော်ပြလေ့ရှိတဲ့ Closer မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး ခုလို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာ ၃ ဦး အပါအဝင် သတင်းထောက် ၆ ဦးကို တရားစွဲဆိုထားခဲ့တာပါ။
ဒီအမှုကို ပြီးခဲ့တဲ့ မေလကလည်း စစ်ဆေးခဲ့ပြီး အခု စက်တင်ဘာလကို ထပ်မံရွှေ့ဆိုင်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
6 years Ago