ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်

January 15, 2022

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာခရီးစဉ်နှင့်ပတ်သက်၍ စင်ကာပူဝန်ကြီးချုပ်ကို ရှင်းပြ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းနဲ့ အွန်လိုင်းဗီဒီယိုကနေ တဆင့် ဇန်နဝါရီ ၁၂ ရက်က ဆက်သွယ်ဆွေးနွေးရာမှာ လတ်တလောသွားခဲ့တဲ့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ 

တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါအခြေအနေအပြင် လတ်တလော သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ရလဒ်တွေကို ရှင်းပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတဘ်။

ကမ္ဘောဒီးယား ဘုရင်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကိုဖြေရှင်းရာမှာ ကူညီဖို့၊ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်သွားအောင်၊ တဖက်နဲ့ တဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့  လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စင်ကာပူဝန်ကြီးချုပ်ကလည်း အခုလို မြန်မာခရီးစဉ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြောပြတဲ့ အတွက် ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံ အကျပ်အတည်းကိုဖြေရှင်းဖို့ ကမ္ဘောဒီးယားရဲ့ ပါဝင်ကြိုးပမ်းမှု၊ အထူးသဖြင့် အာဆီယံ ဥက္ကဋ္ဌနဲ့ အာဆီယံအကြီးအကဲရဲ့ အထူးကိုယ်စားလှယ်တို့ရဲ့ လုပ်ငန်းတွေကို  အားပေးထောက်ခံတဲ့အကြောင်းနဲ့ အနာဂတ်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အမြင်ချင်းဖလှယ်ကြဖို့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ 

အာဆီယံ နိုင်ငံခြားဝန်ကြီးတွေ အစည်းအဝေးကျင်းပရေး ဆက်လက်လုပ်ဆောင်ဖို့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီပေးဖို့ ကိစ္စတွေ စင်ကာပူနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ ဝန်ကြီးချုပ်တွေ သဘောတူညီခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝေဖန်ဆန္ဒပြမှုတွေ ရှိနေတဲ့ကြားက မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့  ဇန်နဝါရီ ၇ ရက်နဲ့ ၈  ရက်နေ့တွေမှာ   နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံရာမှာ မြန်မာစစ်ခေါင်းဆောင်က အခုနှစ်ဟာ ငြိမ်းချမ်းရေးနေ့ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်ရပ်ထားတဲ့အကြောင်း ကတိပြုပြောဆိုခဲ့ပေမဲ့ တချိန်တည်းလိုလိုမှာပဲ ကယားပြည်နယ် လွိုင်ကော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ 

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ ဇန်နဝါရီ ၁၉ ရက်နေ့ ကျင်းပမယ့် တွေ့ဆုံပွဲကိုတော့ အာဆီယံ ဝန်ကြီးအတော်များများ လူကိုယ်တိုင် တက်ရောက်ဖို့ အခက်အခဲရှိတာကြောင့် ရွှေ့ဆိုင်းလိုက်ရတာလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကွေးခွန်က ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားထားတာကို ကန့်ကွက်တဲ့အနေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အစည်းအဝေးကို ရှောင်ရှားတာဖြစ်နိုင်ကြောင်း သံတမန်ရေးရာ လေ့လာသူတွေကတော့  သုံးသပ်ကြပါတယ်။

Photo-Hun Sen 

2 weeks Ago

December 15, 2021

အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားက ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်ပြီး ဆုပ်ကိုင်ထားပါ့မလား

အာဆီယံဥက္ကဋ္ဌနေရာမှာ တာဝန်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့  ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ အာဆီယံနိုင်ငံအတွင်းက နိုင်ငံရေးသမားဟောင်းတွေ၊ လွှတ်တော် အမတ်ဟောင်းတွေ၊ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က အရာရှိဟောင်းတွေက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးကို လတ်တလောမှာ ဘုံသဘောတူညီမှု ၅ ချက်ကို ဆုပ်ကိုင်ထားဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားပေါ်မှာ အခြေခံပြီး ချဉ်းကပ်မှုတွေ မလုပ်ရင်၊ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ မလုပ်ရင်၊ ပဋိပက္ခတွေ အဆုံးသတ်ဖို့ အချိန်ကြာမယ့်အပြင် နောက်ထပ်သွေးမြေကျမှုတွေနဲ့ နိုင်ငံတကာအပေါ် ရိုက်ခတ်မှုတွေ ပိုပြီးကြုံလာရမယ့်အကြောင်း အကြံပြုထားတဲ့ ဆောင်းပါးကို ဘန်ကောက်ပို့စ်သတင်းကနေ ဖော်ပြထားပါတယ်။ အဲဒီဆောင်းပါးကို မြန်မာဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါတယ်။

ဒီဇင်ဘာ ၅ ရက်မှာ အချက်အချာကျတဲ့ ရန်ကုန်မြို့တော်အတွင်း မြန်မာစစ်အစိုးရရဲ့ စစ်သားတွေက စစ်ကားတစီးကို ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကြားထဲ အရှိန်နဲ့ မောင်းဝင်ခဲ့တာကြောင့် အနည်းဆုံး ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ထို့အတူ အဲဒီတရက်တည်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းမှာ ကလေးသူငယ် ၅ ယောက် အပါအဝင် ရွာသား ၁၁ ယောက်ကို စစ်သားတွေက ပစ်သတ်ပြီး မီးရှို့ထားတဲ့ ဗွီဒီယိုဖိုင်တွေလည်း ဆိုရှယ်မီဒီယာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါတွေဟာ အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မြန်မာပြည်သူတွေအပေါ် ရက်စက်ယုတ်မာစွာ ပြုကျင့်နေခဲ့တဲ့ ပိုမိုပြင်းထန်လာတဲ့ စစ်တပ်ရဲ့ ပြုမူမှုပေါင်းများစွာထဲက ဥပမာနှစ်ခုပဲ ဖြစ်ပါတယ်။

အခုအချိန်အခါမှာ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌနေရာကို စတင်ယူမယ့်အချိန် နီးကပ်လာသလို အာဆီယံအ‌နေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းပြီး ဒီမိုကရေစီနဲ့ တရားမျှတမှုတွေကို အားပေးတဲ့နေရာမှာ တစုံတရာ တိုးတက်မှု ရှိ၊ မရှိအပေါ် သံသယတွေလည်း တိုးလို့လာနေပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြမ်းဖက်မှုတွေအပေါ် အာဆီယံရဲ့ တုံ့ပြန်မှုက ဗျူဟာလည်း မမြောက်သလို အရေးပေါ်ဖြေရှင်းစရာ ဖြစ်တယ်လို့လည်း မမြင်နိုင်ပါဘူး။

အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ စားပွဲဝိုင်းမှာ ဆွေးနွေးကြဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအတွင်း လာရောက်ခွင့်ပြုဖို့ စတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုတောင်မှ မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၃ လအကြာမှ သဘောတူခဲ့ပါတယ်။

ဘုံသဘောတူညီမှုက အပြုသဘောဆောင်ပြီး စတင်ခဲ့ပေမဲ့ စစ်အစိုးရကတော့ လေးစားတဲ့ပုံ တစက်မှ မပြခဲ့ပါဘူး။ အဲဒီအစား လူပေါင်း ၁၃၀၀ ကျော် အသတ်ခံခဲ့ရပြီး ၁၀,၇၅၀ အဖမ်းဆီးခံရကာ၊ လူ ၂ သိန်းကျော် အိုးအိမ်တွေ စွန့်ခွာခဲ့ရတဲ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ တဝက်လောက်ဟာ ဆင်းရဲမွဲတေမှုရဲ့ ဒုက္ခသုက္ခတွေကို ခံစားရဖို့ ရှိနေပါတယ်။

အာဆီယံအနေနဲ့ သဘောတူထားတဲ့ အချက်တွေကို မင်းအောင်လှိုင်က လိုက်နာစေရန် ထိရောက်တဲ့ ဖိအားပေးမှုတွေလုပ်ဖို့ ပျက်ကွက်နေတဲ့အပြင် ထိရောက်တဲ့ တိုးတက်မှုတစုံတရာကိုလည်း မတွေ့ရသေးပါဘူး။ 

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားဖြစ်တည်မှုဆိုင်ရာ ကပ်ဘေးတွေကို ဖန်တီးနေတဲ့အပေါ် တာဝန်ရှိနေတာတောင်မှ အာဆီယံအနေနဲ့ ဝန်ကြီးဌာနဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာပြည်ကို ကိုယ်စားပြုနိုင်ဖို့ မြန်မာစစ်အစိုးရကို ဒီနှစ်အတွင်းမှာ ဆက်ပြီးခွင့်ပြုနေခဲ့ပါတယ်။

ဘုံသဘောတူညီမှုကို လိုက်နာဖို့ ပျက်ကွက်နေပြီး တိုးတက်မှုတစုံတရာ မရှိခဲ့တဲ့အပေါ်မှာတော့ အောက်တိုဘာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေးကို ဖိတ်ကြားဖို့ မင်းအောင်လှိုင်အား ချန်လှပ်ထားခြင်းအားဖြင့် အစဉ်အလာမဟုတ်တဲ့ အံ့ဩဖွယ်ရာ လုပ်ဆောင်ချက်ကို အာဆီယံက လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာဟာ သူ့ရဲ့ အစည်းအဝေး တက်ရောက်ခွင့်ကို စွန့်လွှတ်ခဲ့တယ်လို့ ပြောကြားလိုက်ပြီး အဲဒီအချိန်လေးအတွင်းမှာတော့ ပိုပြီးဖိအားပေးတဲ့ ချဉ်းကပ်မှုမျိုး လုပ်လိမ့်မယ်လို့ ထင်ခဲ့ရပါတယ်။

အဲဒီလို ထင်မြင်တာတွေဟာ တကယ်ဖြစ်မလာခဲ့ပါဘူး။ အာဆီယံအပေါ် အားထားမှုတွေက အရာမထင်ဖြစ်ခဲ့ပါပြီ။

ဟွန်ဆန်က ဒီဇင်ဘာပထမပတ်အတွင်း မြန်မာ စစ်အစိုးရကိုယ်စားလှယ်တဦးကို တွေ့ဆုံခဲ့ပြီးနောက် မြန်မာဟာ အာဆီယံမိသားစုဝင်ဖြစ်ပြီး အစည်းအဝေးတွေမှာ တက်ရောက်ဖို့ အခွင့်ရှိရမယ်လို့ ပြောကြားခဲ့ပါတယ်။ သူက မြန်မာနိုင်ငံကို နောက်လအတွင်း သွားရောက်ပြီး မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးမယ်လို့လည်း အတည်ပြု ပြောကြားလိုက်ပါတယ်။

အာဆီယံဥက္ကဋ္ဌသစ်ရဲ့ ဒီလိုမျိုးဆက်ဆံပုံဟာ မြန်မာပြည်မှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ စစ်အစိုးရအပေါ် နိုင်ငံတကာက ပိတ်ဆို့ကန့်သတ်ထားတဲ့ တရားဝင်ဖြစ်မှုအတွက် အန္တရာယ်များပါတယ်။ ဒါဟာ အာဆီယံရဲ့ ဘုံသဘေတူညီမှုကို လိုက်နာဖို့ ကြိုးပမ်းချက်တွေအပေါ် အားလျော့သွားစေရုံသာမကပဲ၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုမှုကို လျစ်လျူရှုရာလည်း ကျပါတယ်။

မြန်မာပြည်အတွင်းက လူငယ်တွေ၊ အမျိုးသမီးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရ ဝန်ထမ်းတွေနဲ့ လူတန်းစားအသီးသီးက ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန် ကတည်းက တစက်မှမနားဘဲ လူထုအာဏာဖီဆန် CDM လှုပ်ရှားမှုအနေနဲ့ စစ်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပြီးပါပြီ။

စစ်တပ် မထိန်းချုပ်နိုင်တဲ့ နေရာwချို့မှာ အုပ်ချုပ်ရေးထူထောင်နေတဲ့ ပြည်သူ အရွေးချယ်ခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်း ပြည်သူ အများစုကလည်း ပြသခဲ့ပြီးပါပြီ။

အာဆီယံရဲ့ ဆွေးနွေးဖက်တချို့နဲ့ ဥရောပပါလီမန်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်ရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် လက်ခံကြောင်း ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ပါပြီ။

ဒါပေမဲ့ အာဆီယံက သူ့ရဲ့ဘုံသဘောတူညီချက်မှာ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အဓိက ဖြစ်တယ်လို့ ဆိုထားတာတောင်မှ ခုထိ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လူသိရှင်ကြား ဆွေးနွေးတာမျိုး မရှိသေးပါဘူး။

ဒီအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အာဆီယံအပေါ်မှာပဲ အမှီပြုနေပြီး သူ့ရဲ့ဦးဆောင်မှုကို စောင့်နေတာပါ။ အဲဒါကို နိုင်ငံတကာအနေနဲ့ ကြာကြာစောင့်မနေသင့်တော့ဘူးဆိုတာ တဖြည်းဖြည်းနဲ့ ထင်ရှားလာပါတယ်။

အာဆီယံအပေါ် ယုံကြည်ကိုးစားမှုအားလုံး ဆုံးရှုံးမသွားမီနဲ့ လူတွေအများကြီး မသေခင်မှာ နောက်ထပ် အကြမ်းဖက်မှုတွေ မြင့်တက်မလာအောင် ကာကွယ်ဖို့ နိုင်ငံတကာအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့က အရေးကြီးပါတယ်။

စစ်အစိုးရနဲ့ သံတမန်ရေး အဆက်ဖြတ်တာအပြင် စီးပွားရေးဆက်သွယ်ဆောင်ရွက်မှုတွေ ရပ်ဆိုင်းတာ အပါအဝင် စစ်အစိုးရရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်သွားစေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ အာဆီယံ ဘုံသဘောတူညီမှုအပေါ် အကောင်အထည်ဖော်ဖို့နဲ့ လတ်တလော ခြေလှမ်းတရပ်အနေနဲ့ အာဆီယံက အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လူထုအန်တုရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုတွေ စတင်သင့်ပါတယ်။

မြန်မာပြည်သူတွေမှာ အမြစ်တွယ်နေပြီဖြစ်တဲ့ စစ်အစိုးရဆန့်ကျင်ရေး စိတ်ဓာတ်အပေါ်မှာ ထိရောက်တဲ့ ချဉ်းကပ်မှုမျိုးမရှိဘဲနဲ့ လာမယ့်နှစ်တွေမှာ ကမ္ဘောဒီးယားရဲ့ မြန်မာ့အကျပ်အတည်းကို အဆုံးသတ်ရေး ကြိုးပမ်းမှုတွေဟာ နောက်ထပ်အချိန်ဆွဲတာတွေ၊ နောက်ထပ် သွေးမြေကျတာတွေနဲ့ ဒေသတွင်းနဲ့နိုင်ငံတကာအပေါ် ဆိုးကျိုးသက်ရောက်မှုတွေကိုသာ တွေ့ရပါလိမ့်မယ်။

အင်ဒိုပစိဖိတ်ဒေသတွင်း ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက် ဗဟိုနေရာမှာရှိနေတဲ့ အာဆီယံအနေနဲ့ သူ့ရဲ့ညီညွတ်မှုနဲ့ တသားတည်းကျမှုကသာ ကုစားလို့မရနိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို အဆုံးသတ်စေနိုင်မှာ ဖြစ်ပါတယ်။

အာဆီယံက သူ့ရဲ့ဘုံသဘောတူညီချက်တွေကို ဆုပ်ကိုင်ထားရမှာပါ။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့အချိန်ကတော့ အခုအချိန်ပါပဲ။

ဘာသာပြန်ဆိုသူ — အေးမင်း(တာမွေ)

1 month Ago
More News
Up