ကမ္ဘာ့အမွေအနှစ်စာရင်း

A d v e r t i s e m e n t With Us

June 10, 2020

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းအဆိုပြုရန် ဒေသအေးချမ်းမှ ဆက်လက်ဆောင်ရွက်နိုင်မည်

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း အဆိုပြုလွှာတင်သွင်းဖို့ကိစ္စ နယ်မြေဒေသ အေးချမ်းမှသာ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဒုဝန်ကြီးက ပြောပါတယ်။ ၂၀၁၉ စက်တင်ဘာလကတည်းက မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း အဆိုပြုဖို့ စီစဉ်ခဲ့ပေမယ့် မြန်မာ့တပ်မတော်နဲ့ အေအေအဖွဲ့တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အဆိုပြုလွှာ အပြီးသတ်ဖို့ အခက်တွေ့နေရတာပါ။  အဆိုပြုလွှာရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးပြီဖြစ်ပေမယ့် ကျန်ရှိနေတဲ့ ၂၀ ရာခိုင်နှုန်းက ဒေသကိုကွင်းဆင်းပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီးမှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လတ်တလောမှာ ဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘဲ ဒေသအခြေအနေ တည်ငြိမ်မှသာ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဒုဝန်ကြီး ဦးကြည်မင်းက ဇွန်လ ၁၀ ရက်က နေပြည်တော် ပြန်ကြားရေးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒုဝန်ကြီး ဦးကြည်မင်းက “ကျန်တဲ့နှစ်ဆယ်ရာခိုင်နှုန်းကတော့ အခုဖြစ်ပေါ်လျက်ရှိတဲ့ နယ်မြေဒေသအခြေအနေကြောင့် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အဲ့ဒီနှစ်ဆယ်ရာခိုင်နှုန်းကတော့ ဒေသခံပြည်သူများနဲ့ တွေ့ဆုံနှီးနှောပြီးမှ ဆောင်ရွက်ရမယ့် လုပ်ငန်း၊ မြေပြင်မှာ ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်တာကြောင့် လက်ရှိမှာ ဆောင်ရွက်နိုင်မယ့် အနေအထား မရှိပါဘူး။ သို့သော်လည်းပဲ ဒီဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိလာတဲ့အခါမှာတော့ အဆိုပြုဆာဗေးကို ပြည့်စုံအောင် အမြန်ဆုံးတင်ပြနိုင်ရေးအတွက်ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြလိုပါတယ်” လို့ ပြောပါတယ်။ နယ်မြေဒေသတည်ငြိမ်မှ ယူနက်စကို ကို တင်သွင်းမယ့် အဆိုပြုလွှာကို အပြီးသတ်နိုင်မှာ ဖြစ်ပေမယ့် ၂၀၁၈ ဒီဇင်ဘာက စတင်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေက အဆုံးသတ်နိုင်ခြင်း မရှိသေးပါဘူး။  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်ဖို့ ဆောင်ရွက်နေသလို အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မြောက်ဦးဒေသက အာနန္ဒစန္ဒြကျောက်စာကိုလည်း အခု​ ၂၀၂၀ အတွင်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရေးအတွက် ယူနက်စကိုကို ဆက်လက်တင်သွင်းသွားဖို့ ကြိုးပမ်းနေပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
9 months Ago
Up