ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး

January 12, 2021

ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် စတင်မည်ဟု အိန္ဒိယဝန်ကြီးချုပ် ပြော

အိန္ဒိယနိုင်ငံထဲမှာ ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး နှစ်မျိုးဟာ ကမ္ဘာမှာ တွက်ခြေအကိုက်ဆုံးဖြစ်တယ်လို့ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။  “ဇန်နဝါရီ ၁၆ ရက်ကစပြီး ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေး စတင်တော့မယ်။ အိန္ဒိယထုတ် ကာကွယ်ဆေး နှစ်မျိုးစလုံးကို အရေးပေါ် သုံးခွင့်ပြုတာက အိန္ဒိယနိုင်ငံသား အားလုံးအဖို့ ဂုဏ်ယူစရာ ကိစ္စဖြစ်တယ်။ ကာကွယ်ဆေး နှစ်မျိုးအပြင် နောက်ထပ် ကာကွယ်ဆေး လေးမျိုးကိုလည်း ဖော်ထုတ်နေတယ်” လို့ ဝန်ကြီးချုပ် မိုဒီက ဆိုပါတယ်။  ကမ္ဘာ့နိုင်ငံပေါင်း ၅၀ မှာ ပြီးခဲ့တဲ့ သီတင်းပတ် သုံးလေးပတ်ကစပြီး ကာကွယ်ဆေး စထိုးပေးနေတယ်။ အခု တစ်လ ရှိသွားပေမယ့် လူဦးရေ ၂၀ ဒသမ ၅ သန်းကိုပဲ ကာကွယ်ဆေး ထိုးရပါသေးတယ်။  “အိန္ဒိယမှာတော့ လာမယ့်လ နည်းနည်းအတွင်း လူပေါင်း သန်း ၃၀၀ ကာကွယ်ဆေးထိုးမယ့် ရည်မှန်းချက်ကို ပြည့်မီအောင် လုပ်သွားမယ်”လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။  ဗြိတိန်အခြေစိုက် အက်စ်ထရာဇန်နက်ကာနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်း ထုတ်လုပ်တဲ့ COVISHIELD ကာကွယ်ဆေးနဲ့ အိန္ဒိယကုမ္ပဏီ ဘာရတ် ဘိုင်အိုတက်ခ်နဲ့ နိုင်ငံပိုင်လုပ်ငန်းတို့ ပူးပေါင်းထုတ်လုပ်တဲ့ COVAXIN  ကာကွယ်ဆေး နှစ်မျိုးစလုံးကို အရေးပေါ် သုံးစွဲဖို့ အိန္ဒိယ ဆေးဝါးအုပ်ချုပ်ရေး အဖွဲ့အစည်းက ခွင့်ပြုလိုက်ပြီလို့ ရိုက်တာသတင်းက ရေးပါတယ်။  အိန္ဒိယဟာ ၂၀၂၁ ခုနှစ်ရဲ့ ပထမ ၆ လကနေ ၈ လအတွင်း ပြည်သူ ၁ ဒသမ ၃၅ ဘီလီယံထဲက သန်း ၃၀၀ ကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားဖို့ မျှော်လင့်ထားပါတယ်။
9 months Ago
Up