ကမ္ဘာ့လှည့်ခရီးသည်

August 11, 2021

ကာကွယ်ဆေးအပြည့်ထိုးပြီးသား အမေရိကန်နိုင်ငံသား ခရီးသည်များကို ကနေဒါ ဝင်ခွင့်ပြု

ကနေဒါအစိုးရက အပြည့်အဝ ကာကွယ်ဆေးထိုးပြီးသား အမေရိကန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တွေကို ၁၆ လအတွင်း ပထမဆုံးအနေနဲ့ နယ်စပ်တံခါးဖွင့်ပြီး ဝင်ခွင့်ပြုလိုက်ပါတယ်။

ဒါကြောင့် ကနေဒါ အမေရိကန် နယ်စပ်မှာ ယာဉ်ကြောနှေးကွေးခဲ့တယ်လို့ သြဂုတ် ၁၀ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ခရီးအသွားအလာ စည်ကားတဲ့ နွေရာသီမှာ ခရီးသည်တွေ မြောက်ဘက်ကို အမြန်စုပြုံသွားခဲ့လို့ ခုလို ဖြစ်တာလို့ ဆိုပါတယ်။

ကနေဒါဘက်က အွန်တေရီအိုပြည်နယ် ဖရန့်စ်ခံတပ်နဲ့ အမေရိကန်ဘက်က မင်နီဆိုးတားပြည်နယ် International Falls က နယ်စပ်ဖြတ်ကူးရေး ဂိတ်အတွက် ၇ နာရီကြာ စောင့်ခဲ့ရပြီး ရှားရှားပါးပါး နှောင့်နှေးခဲ့တဲ့ အတွေ့အကြုံလို့ ခရီးသွားတွေက လူမှုကွန်ရက်တွေကနေ ပြောခဲ့ကြပါတယ်။

အမေရိကန် နယူးယောက်ပြည်နယ်နဲ့ မိန်းပြည်နယ်ကြားက နယူးဘရန်းစ်ဝစ်ခ်မြို့နဲ့ အွန်တေရီအို ပြည်နယ်ကြားက နယ်စပ်ဖြတ်စခန်း အတော်များများမှာတော့ ၃ နာရီကြာ စောင့်ခဲ့ရတာပါ။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကနေဒါဟာ အမေရိကန်က အပျော်ခရီးသွားအားလုံးကို မတ်လ ၂၀၂၀ ကစပြီး တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

အမေရိကန်က ကာကွယ်ဆေးအပြည့်ထိုးပြီးသားလူတွေကိုတော့ သြဂုတ် ၉ ရက်ကစပြီး ကနေဒါနိုင်ငံထဲကို ဝင်ခွင့်ပေးခဲ့ပါတယ်။

ကာကွယ်ဆေးအပြည့်ထိုးပြီးသား နိုင်ငံတကာ ခရီးသည်တွေကိုတော့ စက်တင်ဘာ အစောပိုင်းက စပြီး ကနေဒါနိုင်ငံထဲ ဝင်ခွင့်ပေးမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

4 months Ago

October 4, 2019

ကမ္ဘာ့လှည့်ခရီးသည် ၁၀၀၀ ကျော်လိုက်ပါလာသည့် Peace Boat ဗင်နီဇွဲလားသို့ ရောက်ရှိ

ကမ္ဘာ့လှည့်ခရီးသည် အယောက် ၁၀၀၀ ကျော် လိုက်ပါစီးနင်းလာတဲ့ သင်္ဘောကြီးဟာ ဗင်နီဇွဲလားနိုင်ငံ လာဂွါအီရာဆိပ်ကမ်းကို အောက်တိုဘာ ၃ ရက်က ဆိုက်ရောက်လာခဲ့ပါတယ်။ Peace Boat လို့ ခေါ်တဲ့ ဂျပန်အခြေစိုက် အန်ဂျီအိုအဖွဲ့က မတူညီတဲ့ယဉ်ကျေးမှု လူမှုအသိုင်းအဝိုင်းကို အားပေးလှုံ့ဆော်တဲ့အနေနဲ့ အခုလိုကမ္ဘာလှည့်ခရီးစဉ်စီစဉ်ခဲ့တာပါ။  Peace Boat သင်္ဘောပေါ်မှာ လိုက်ပါလာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ ဗင်နီဇွဲလားနိုင်ငံမှာ နှစ်ရက်ကြာနေထိုင်ကြမှာဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံသားတွေရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကိုလည်း လေ့လာကြမှာ ဖြစ်ပါတယ်။  ကမ္ဘာလှည့်ခရီးစဉ်အတွင်းမှာ အဲဒီသင်္ဘောဟာ ဗင်နီဇွဲလားနိုင်ငံကနေတဆင့် ဒိုမီနီကန်နိုင်ငံ ဆန်တိုဒိုမင်ဂိုမြို့ကို ဆက်လက်ထွက်ခွာမှာပါ။  လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံဟာ ပြည်တွင်းစီးပွားရေး အကြပ်အတည်းနဲ့ နိုင်ငံရေး ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။  ဒါ့အပြင် မကြာသေးနှစ်တွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လတ်တာတွေကြောင့်  နိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေကြရပါတယ်။
2 years Ago
Up