ကမ္ဘာ့လူကုန်ကူးမှု

November 4, 2019

ကမ္ဘာ့လူကုန်ကူးမှု အများဆုံးကျူးလွန်သူကို ဘရာဇီးရဲ ဖမ်းဆီး

ဘရာဇီးပြည်ထောင်စုရဲတွေဟာ ကမ္ဘာ့လူကုန်ကူးမှုအများဆုံး မှောင်ခိုသမားတွေထဲက တယောက်လို့ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား စိုင်ဖှူလာ အယ်လ်မာ မန်ကို  ဖမ်းလိုက်ပြီလို့ နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ဘရာဇီးရဲတွေဟာ အောက်တိုဘာ ၃၁ ရက်က လုပ်တဲ့ စစ်ဆင်ရေးမှာ ဖမ်းမိခဲ့တာပါ။ အမေရိကန်နိုင်ငံထဲကို လူတွေမှောင်ခိုကူးတဲ့ အစီအစဉ်ကြီးတခုမှာ ပါဝင်ပတ်သက်တဲ့ အုပ်စုဝင်တွေကို ဘရာဇီးရဲတွေက ဖမ်းခဲ့ပါတယ်။  အယ်လ်မာမန် နေထိုင်ရာ ဆောင်ပါလိုမြို့နဲ့ တခြား ဘရာဇီးမြို့ ၃ မြို့မှာလည်း လူအတော်များများကို ဖမ်းခဲ့ပြီး လှုပ်ရှားမှုတွေအတွက် ဘဏ္ဍာငွေထောက်ပံ့ရာမှာ သုံးတဲ့ ဘဏ်အကောင့် ၄၂ ခုကို ရဲတွေက ပိတ်သိမ်းခဲ့ပါတယ်။ အယ်လ်မာမန်ဟာ ဘရာဇီးနိုင်ငံကို လွန်ခဲ့တဲ့ ၆ နှစ်က ဒုက္ခသည်အနေနဲ့ ရောက်လာခဲ့ပြီး ဆောင်ပါလိုမြို့နားက ဘရက်စ်မြို့မှာ နေထိုင်ခဲ့တာပါ။ သူဟာ ဆောင်ပါလိုမြို့မှာ အရှေ့တောင်အာရှနိုင်ငံတွေကနေ လာတဲ့လူတွေကို နေရာထိုင်ခင်း ပေးထားပြီး ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ပနားမား၊ ကို့စ်တာရီကာ၊ နီကာရာဂွါ၊ ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ မက္ကဆီကိုနိုင်ငံတွေက လူမှောင်ခိုကွန်ရက်တွေကနေတဆင့် ခရီးစဉ်တွေကို စီစဉ်ပေးခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက ဆိုပါတယ်။ ဘရာဇီးရဲတွေရဲ့အဆိုအရ အယ်လ်မာမန်နဲ့ သူ့အုပ်စုဟာ အာဖဂန်နစ္စတန် ဘင်္ဂလားဒေ့ရှ် အိန္ဒိယ၊ နီပေါနဲ့ ပါကစ္စတန်က လူတွေကို မက်ဆီကို နယ်စပ်ကနေတဆင့် အလယ်အမေရိက နိုင်ငံတွေကို ဖြတ်ကျော်ပြီး အန္တရာယ်ရှိတဲ့ ခရီးရှည်တလျှောက် အမေရိကန်နိုင်ငံဆီကို လူမှောင်ခို ကူးခဲ့ကြတာပါ။ သူတို့အုပ်စုဟာ အာရှက လူတယောက်ကို အမေရိကန် ဒေါ်လာ တသောင်းနှစ်ထောင့် ငါးရာကျော်ယူပြီး အမေရိကန်ကို ရောက်အောင် ကြိုးစားပို့ဆောင်ပေးတယ်လို့ ဘရာဇီးရဲတွေက ပြောပါတယ်။ တချို့ဟာ စာရွက်စာတမ်းအတုတွေ ကိုင်ဆောင်ပြီး ဘရာဇီးနိုင်ငံထဲမှာ တရားမဝင် နေထိုင်ကြပါတယ်။ ခရီးစဉ်အတွက် ဆောင်ပါလိုမှာ နေထိုင်ချိန် အကြမ်းဖက်ခံရသူတွေလည်း ရှိပြီး ဘင်္ဂါလီ ၈ ယောက်ပါတဲ့ တအုပ်စုကတော့ မက်ဆီကို ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ထဲ ကျရောက်ခဲ့ဖူးတယ်လို့ ရဲတွေက ပြောပါတယ်။
2 years Ago
Up