ကမ္ဘာ့ဖလား

December 10, 2022

ရှုံးနိမ့်မှုတိုင်း နာကျင်ခံစားရကြောင်း ဘရာဇီးကွင်းလယ်ကစားသမား ကတ်စမီရို ပြော

ရှုံးနိမ့်မှုတိုင်း နာကျင်ခံစားရကြောင်း ဘရာဇီးကွင်းလယ်လူ ကတ်စမီရိုက ပြောကြားလိုက်ပါတယ်။

ဘရာဇီးအသင်းဟာ ခရိုအေးရှာနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ အဆုံးဖြတ်နဲ့ရှုံးခဲ့ပြီး ပြိုင်ပွဲကနေထွက်ခွါခဲ့ရတာပါ။

ပွဲချိန်အတွင်းဂိုးမရှိသရေကျနေလို့ အချိန်ပိုဆက်လက်ကစားခဲ့ရာမှာ နေမာက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးပြန်ပေးခဲ့ရတာပါ။

ရှုံးနိမ့်မှုတိုင်းက နာကျင်ခံစားရပြီး အထူးသဖြင့် ဦးဆောင်ဂိုးရပြီးချိန်၊ အိပ်မက်တစ်ခုရှိလာချိန်တွေမှာ ရှုံးနိမ့်ခဲ့ရတာက ပိုပြီးထိခိုက်ခံစားရကြောင်း ကတ်စမီရိုက ပွဲအပြီးမှာပြောပါတယ်။

ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အပေါ် စကားလုံးရှာဖွေဖို့ ခက်ခဲပြီး တစ်သင်းစလုံးဝမ်းနည်းရပေမယ့် အကောင်းဆုံးကြိုးစားခဲ့ပြီးဖြစ်လို့ ခေါင်းကိုမော့ပြီး ရှေ့ဆက်လျှောက်ဖို့သာ ပြင်ဆင်ရမယ်လို့ ကတ်စမဲရိုးက ပြောသွားပါတယ်။

20 mins Ago

အာဂျင်တီးနားက နယ်သာလန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်

ဒီနေ့မနက်အစောပိုင်း  ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား အသင်းက နယ်သာလန်အသင်းကို  ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒီနေ့ပွဲစဉ်မှာ နယ်သာလန်အသင်းကဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူ ကစားနိုင်ခဲ့ပေမဲ့ အာဂျင်တီးနားက ဂိုးပေါက်ခြိမ်းခြောက်ကန်သွင်းမှုမှာတော့  အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။

အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးကို  ပွဲချိန် ၃၅ မိနစ်မှာ မိုလီနာက သွင်းယူခဲ့ပြီး ပထမပိုင်းမှာ အာဂျင်တီးနားက တဂိုဂိုးမရှိနဲ့ အနိုင်ရနေပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၇၃ မိနစ်မှာပဲ မက်ဆီက ပင်နယ်တီကနေ တဆင့် အာဂျင်တီးနားအတွက် ဒုတိယ အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။ 

ဒီနောက်ပွဲချိန် ၈၃ မိနစ်မှာ နယ်သာလန်အတွက် ပထမချေပဂိုးကို ဝက်ဂ်ဟော့စ်က သွင်းယူပေးခဲ့သလို ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၁၁ မိနစ်မှာ ဝက်ဂ်ဟော့စ်ကပဲ နောက်ထပ် ချေပဂိုး တဂိုးထပ်သွင်းယူခဲ့လို့ အာဂျင်တီနားတို့ အောင်ပွဲခံဖို့ မျှော်လင့်ချက် စက္ကန့်ပိုင်း အလိုမှာပျက်သွားခဲ့ရပါတယ်။

အချိန်ပို နာရီဝက်ထပ်ကန်ရာမှာလည်း  နှစ်သင်းလုံး  အပြန်အလှန်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ ၂ ဂိုးစီ သရေကျပြီး ပွဲစဉ်ပြီးဆုံးသွားပါတယ်။

ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာတော့ အာဂျင်တီးနားက  ၄-၃ ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒီပွဲအနိုင်ရတဲ့ အာဂျင်တီးနားအသင်းဟာ ဘရာဇီးကိုအနိုင်ယူထားတဲ့ ခရိုအေးရှားအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

3 hours Ago

ခရိုအေးရှားက ဘရာဇီးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်

ဒီနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဘရာဇီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားပါတယ်။

ဒီနေ့ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူ ကစားနိုင်ခဲ့ပေမဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမှာတော့ ဘရာဇီးအသင်းက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ၉၀ အထိ နှစ်သင်းလုံး ဂိုးမသွင်းနိုင်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရာမှာ ဘရာဇီးအသင်းအတွက် ပွဲချိန် ၁၀၆ မိနစ်မှာ နေမာက ဦးဆောင်ဂိုး သွင်းယူခဲ့ပေမဲ့ ပွဲချိန် ၁၁၇ မိနစ်မှာပဲ ခရိုအေးရှားအသင်းအတွက် ပက်ကိုဗစ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ 

ဒီနောက် နှစ်သင်းလုံး အပြန်အလှန်ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ ၁ ဂိုးစီ သရေကျပြီး ပွဲစဉ်ပြီးဆုံးသွားပါတယ်။

ပင်နယ်တီ ကန်သွင်းရာမှာတော့ ခရိုအေးရှားက ၄-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒီပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားကို နောက်တကြိမ်ထပ်ယူဖို့ အိပ်မက် ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒီပွဲမှာ တဂိုးသွင်းယူပေးနိုင်ခဲ့တဲ့နေမာကတော့ ဘရာဇီးဂန္ထဝင် ဘောလုံးသမားကြီး ပီလီရဲ့ သွင်းဂိုးစံချိန်ကို လိုက်မီသွားပါတယ်။

ခရိုအေးရှားအသင်းဟာ နယ်သာလန်နဲ့ အာဂျင်တီးနားအသင်းတို့ထဲက အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် တွေ့ဆုံမှာ ဖြစ်ပါတယ်။

4 hours Ago

December 8, 2022

အမ်ဘာပေ ဂိုးသွင်းနိုင်ရန် ကော်ဇောနီခင်းပေးထားမည်မဟုတ်ဟု အင်္ဂလန်နောက်ခံလူဝေါ်ကာ တုံ့ပြန်

ပြင်သစ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူးအမ်ဘာပေ ဂိုးသွင်းနိုင်ဖို့ ကော်ဇောနီခင်းပေးထားမှာတော့ မဟုတ်ဘူးလို့ အင်္ဂလန်နောက်ခံလူဝေါ်ကာက ပြောပါတယ်။

ညာနောက်ခံလူ ဝေါ်ကာဟာ ပြင်သစ်နဲ့ ပွဲစဉ်မှာ အခုနှစ်ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူး အမ်ဘာပေနဲ့ ရင်ဆိုင်ရမှာပါ။

အမ်ဘာပေကို လေးစားမှုရှိပေမဲ့ တစ်ဦးတစ်ယောက်အပေါ် အလွန်အမင်းအာရုံစိုက်ကစားမှာတော့ မဟုတ်ကြောင်း ဝေါ်ကာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။

“ဒီပွဲက အင်္ဂလန်နဲ့ အမ်ဘာပေပွဲတော့မဟုတ်ပါဘူး။ အင်္ဂလန်နဲ့ ပြင်သစ်ပွဲပါ။ အမ်ဘာပေက လေးစားမှုနဲ့ ထိုက်တန်တဲ့ ကစားသမားဆိုပေမယ့် သူအလွယ်တကူဂိုးသွင်းနိုင်ဖို့ ကောဇောနီခင်းပေးထားမှာတော့ မဟုတ်ဘူးဗျ။ ဒီပွဲရှုံးသွားရင် ပြိုင်ပွဲကနေထွက်ပြီး အိမ်ပြန်ရမှာဖြစ်လို့ သေရေးရှင်ရေးတမျှအရေးကြီးတဲ့ပွဲဖြစ်တယ်”လို့ ဝေါ်ကာက ပြောပါတယ်။

ဝေါ်ကာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေနဲ့ ၄ ပွဲ တွေ့ ဆုံခဲ့ဖူးပါတယ်။

2 days Ago
More News
Up