ကမ္ဘာ့စင်မြင့်ထက်

June 2, 2020

ကမ္ဘာ့စင်မြင့်ထက် တောက်ပလာနိုင်သည့်  မြန်မာကိုယ်ခံပညာရပ်များ

အရှေ့တောင်အာရှဒေသက မြန်မာနိုင်ငံဟာ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီပုထိုး ဘုရားကျောင်းကန်တွေ၊ သာယာလှပတဲ့ ပင်လယ်ကမ်းခြေနဲ့ ဆီးနှင်းဖုံး ရေခဲတောင်တွေ၊ ယဉ်ကျေးပျူငှာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ စရိုက်လက္ခဏာတွေ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကြောင့် ကမ္ဘာသိထင်ရှားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အကြားမှာတည်ရှိတဲ့ မြန်မာနိုင်ငံဟာ အရင်က  အာရှအဆင့်ဘောလုံးပြိုင်ပွဲတွေ၊ ရေကူးပြိုင်ပွဲတွေ၊ ပြေးခုန်ပစ်ပြိုင်ပွဲတွေ၊ လက်ဝှေ့ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ သမိုင်းမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံသား အားကစားသမားတွေအနက် ကမ္ဘာ့ ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားသူကတော့ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ပဲ ဖြစ်ပါတယ်။ မျက်မှောက်ခေတ်ကာလမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား(Mixed Martial Arts-MMA)ဟာ ဘောလုံး၊ ဘတ်စကက်ဘော၊ လက်ဝှေ့တို့နည်းတူ ပရိသတ်သန်းပေါင်းထောင်ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ အားကစားနည်းတစ်ခုအဖြစ် အခိုင်အမာရပ်တည် နေပါတယ်။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ကြောင့်လည်း MMA ကို စိတ်ပါဝင်စားတဲ့ မြန်မာလူငယ်တွေ အများအပြားရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာလူမျိုးတွေဟာ ကိုယ်ပိုင်စရိုက်လက္ခဏာအပြည့်အဝရှိတဲ့ ကိုယ်ခံပညာရပ်တွေကိုလည်း ပိုင်ဆိုင်ထားပြီး အဲ ဒီအထဲကမှ MMA စင်မြင့်ထက် အသုံးချခွင့်ရလာနိုင်တဲ့ မြန်မာတို့ရဲ့ကိုယ်ခံပညာရပ် ၄ ခုအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ အပေါ်ယံကြည့်ရင် မွေထိုင်းနဲ့  ဆင်တူသယောင်ရှိတယ်လို့ ထင်နိုင်ပေမယ့်လည်း မြန်မာ့ရိုးရာလက်ဝှေ့က ထိုင်းနိုင်ငံရဲ့အမျိုးသားအားကစားနဲ့ ကွဲပြားချက်တွေ ရှိပါတယ်။ အထူးသဖြင့် ခေါင်းတိုက်သတ်ကွက် အသုံးချလို့ရတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ဟာ အကြမ်းတမ်း၊ အရက်စက်ဆုံး ကိုယ်ခံပညာရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် မွေထိုင်းလို လက်အိတ်စွပ် ထိုး ထိုသတ်ရတာမဟုတ်ဘဲ ဗလာလက်သီးကို ပတ်တီးအပါးလေးသာအုပ်ပြီး  ယှဉ်ပြိုင်ရတာက မွေထိုင်းနဲ့ လုံးဝကွဲပြားပါတယ်။ ရိုးရာလက်ဝှေ့ဟာ နှစ်ရာနဲ့ချီ သက်တမ်းရှိနေပြီဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဘုရားအချို့ရဲ့  နံရံဆေးရေးပန်းချီတွေမှာ မြန်မာ့ရိုးရာ လက်ဝှေ့ထိုးသတ်နေပုံတွေကို ရေးဆွဲထားပါတယ်။   မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံခြားသားတွေကိုယ်တိုင် စနစ်တကျ သင်ယူတာတွေရှိသလို ချန်ပီယံခါးပတ်တွေ ရယူနိုင်သူတွေလည်း ရှိပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကို ဂျပန်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းစတဲ့ နိုင်ငံတွေမှာ ကျင်းပခဲ့ဖူးပြီး လက်၊ ခြေထောက်၊ ဒူး၊ တံတောင်အပြင် ခေါင်းတိုက်ခွင့်ပါ ပေးထားတာကြောင့် နိုင်ငံတကာက “သတ်ကိုးသတ်” လို့ အမည်ပေးထားပါတယ်။ အောင်လအန်ဆန်ကလည်း မြန်မာ့ရိုးရာလက်ဝှေ့ပညာရပ်တွေကို အထင်ကြီးလေးစားကြောင်း ဖွင့်ဟထားပြီး ရိုးရာလက်ဝှေ့ချန်ပီယံဟောင်း လုံးချောထံကနေ သင်ကြားဖူးပါတယ်။ ဒါ့အပြင် ONE Championship ဖယ်သာဝိတ်တန်းမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့  “ဘူရှီးဒိုး” ဖိုးသော်ဆိုရင်လည်း မြန်မာ့ရိုးရာလက်ဝှေ့သမားဟောင်း ဖြစ်ပါတယ်။ [caption id="attachment_391888" align="alignleft" width="430"] ဓာတ်ပုံ- ဝီကီပီးဒီယား[/caption] ဗန်တို  လက်နက်နဲ့သာမက လက်ဗလာနဲ့ပါ ကိုယ့်အပေါ် ရန်မူလာသူတွေကို အကောင်းဆုံး တုံ့ပြန်နိုင်တဲ့ မြန်မာ့ရိုးရာကိုယ်ခံပညာရပ်တစ်ခု ဖြစ်ပါတယ်။ တုတ်၊ ဓားတို့လို လက်နက်တစ်ခုခုနဲ့ တိုက်ခိုက်ရတာက ဗန်ရှည်၊ လက်နက်မပါဘဲ လက်ဗလာနဲ့ တိုက်ခိုက်ရတာကို ဗန်တိုလို့ အကြမ်းဖျင်း ခေါ်ဆိုပါတယ်။ ရှေးမြန်မာစစ်သည်တော်တွေဟာ ဗန်တို၊ ဗန်ရှည်အပြင် မြန်မာ့ရိုးရာ သိုင်းပညာရပ်တွေကိုပါ သင်ကြား တတ်မြောက်ထားရပါတယ်။ ဗန်တိုကို လက်နက်မဲ့သိုင်း၊ လက်သိုင်းလို့လည်း ခေါ်သလို MMA အားကစားသမားတွေ ပုံမှန်အသုံးပြုလေ့ရှိတဲ့ လက်သီး၊ တံတောင်၊ ဒူး၊ ခြေဖနောင့် ခြေဖဝါး၊ လက်ဝါးစောင်းတို့နဲ့ တိုက်ခိုက်နိုင်ပြီး ရန်သူရဲ့လက်၊ ခြေထောက်၊ ခန္ဓာကိုယ်ကို ဆွဲယူကာ ကိုင်ပေါက်နိုင်တာကြောင့် ဂျူဂျစ်ဆု၊ နပန်း၊ ဂျူဒိုတို့လိုပဲ အသုံးတည့်လှပါတယ်။   [caption id="attachment_391889" align="alignleft" width="430"] MOI webportal[/caption] ကျင် မြန်မာနိုင်ငံအနောက်ပိုင်းက ရခိုင်တိုင်းရင်းသားတွေရဲ့  ရိုးရာအားကစားနည်းတစ်ခု ဖြစ်ပါတယ်။ ကျင်ဟာ နပန်း၊ ဂျူဒိုတို့နဲ့ ဆင်တူတဲ့ အားကစားနည်းဖြစ်ပြီး ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ် ဆိုတဲ့ နည်းစနစ်တွေနဲ့ ပြိုင်ဘက်ကို ချုပ်ကာ မြေပြင်ပေါ် လှဲချရတဲ့ အားကစားနည်း ဖြစ်ပါတယ်။ ခွန်အားနဲ့ သန်မာမှုကို အလေးပြု ယှဉ်ပြိုင်ရတဲ့ ကျင်အားကစားနည်းနဲ့ နပန်း၊ ဂျူဒိုတို့ကြား အဓိကကွာခြားချက်ကတော့ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ပုတ်ရတာမျိုး  မဟုတ်ဘဲ အားအင်နှင့် ပရိယာယ်ကို အသုံးပြုပြီး ပြိုင်ဘက်ကို ချုပ်ကိုင်ကာ မြေပြင်ပေါ် လှဲချနိုင်ရေးပါပဲ။   ချင်းရိုးရာ နပန်း မြန်မာနိုင်ငံအနောက်ပိုင်းမှာ နေထိုင်ကြတဲ့ ချင်းလူမျိုးတွေမှာလည်း ကိုယ်ပိုင်နပန်း အားကစားနည်းရှိပါတယ်။ ကောက်သစ်စားပွဲ၊ မင်္ဂဆောင်၊ ချင်းအမျိုးသားနေ့ စတဲ့ အထိမ်းအမှတ်ပွဲတွေမှာ ချင်းလူမျိုးတွေဟာ နပန်းပွဲကို ထည့်သွင်းကျင်းပလေ့ရှိပြီး ကမ္ဘာအနှံ့အပြား ရောက်ရှိနေတဲ့ ချင်းလူမျိုးတွေကလည်း အခါကြီးရက်ကြီးတွေမှာ နပန်းပွဲကို ပြုလုပ်ကြပါတယ်။ ယှဉ်ပြိုင်ရမယ့် အားကစားသမားနှစ်ဦးရဲ့ခါးမှာ ကြိုးတစ်ချောင်းချည်ပေးပြီး ကြိုးကို ကိုင်ကာ ချီမြှောက်ကိုင်ပေါက်ရမှာပါ။ ပြိုင်ဘက်ကို ကြမ်းပြင်ပေါ် နောက်ကျောနဲ့ကျအောင် ဦးဆုံး ဆွဲလှဲချနိုင်သူက အနိုင်ရပါတယ်။ နပန်းနဲ့ဆင်တူတဲ့အားကစားနည်းဖြစ်ပြီး ONE Championship အဖွင့် ၂ ပွဲ ဆက်အနိုင်ရထားတဲ့ “The Dragon Leg” တီရယ်ထန်းဟာ ချင်းတိုင်းရင်းသားဖြစ်သလို ချင်းပြည်နယ် နပန်းချန်ပီယံဆုကို ၄ ကြိမ် ရယူဖူးပါတယ်။
1 year Ago
Up