ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ချန်ပီယံဖြစ်ခဲ့ရင် ၂၀၂၆ ခုနှစ်ပြိုင်ပွဲကိုဆက်ပြီး ကစားမယ်လို့ မက်ဆီက လျှို့ဝှက်ပြောခဲ့ကြောင်း အာဂျင်တီးနားဂန္ထဝင်ကစားသမား ဗယ်ဒါနိုက ပြောပါတယ်။
ဗယ်ဒါနိုဟာ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူချန်ပီယံဖြစ်ခဲ့သူပါ။ အခုနှစ်ကမ္ဘာ့ဖလားမတိုင်ခင်မှာ မက်ဆီနဲ့ တွေ့ဆုံခဲ့ရာမှာ ချန်ပီယံဖြစ်ခဲ့ရင် နောက်ထပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆက်ကစားမယ်လို့ ပြောပြခဲ့တာဖြစ်ကြောင်း ဗယ်ဒါနိုက ဆိုပါတယ်။
“ကမ္ဘာ့ဖလားမတိုင်ခင် မက်ဆီနဲ့ အင်တာဗျူးခဲ့တုန်းက ၅ ကြိမ်မြောက်ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်ကစားပြီးရင်း ဘယ်သူမှ မကစားခဲ့ဖူးတဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကိုလည်း ဆက်ကစားမယ်လို့ သူက ပြောခဲ့တာပါ။ ကင်မရာရှေ့မှာ ပြောခဲ့တာမဟုတ်ဘဲ အလွတ်သဘော ပြောခဲ့တာ ဖြစ်တယ်။ ပြီးတော့ သူသာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲအထထိ ဆက်ကစားမယ်လို့လည်း ပြောခဲ့တယ်။ သူ ပြောတိုင်း ကစားနိုင်ဦးမလားဆိုတာ ကျနော်တို့ စောင့်ကြည့်သွားရမှာပါ” လို့ ဗယ်ဒါနိုက ပြောပါတယ်။
မက်ဆီကတော့ ကမ္ဘာ့ချန်ပီယံအနေနဲ့ ဆက်ကစားသွားမှာဖြစ်ကြောင်း ဗိုလ်လုပွဲအပြီးမှာ ပြောပေမယ့် ဘယ်အချိန်အထိ ဆက်ကစားမယ်ဆိုတာကိုတော့ ထည့်ပြီးပြောသွားတာမရှိခဲ့ပါဘူး။