ကမ္ဘာ့ခေါင်းဆောင်များ

May 5, 2020

COVID-19 ကာကွယ်ကုသဆေးအတွက် ရံပုံငွေ ဒေါ်လာ ၈ ဘီလီယံပေးရန် ကမ္ဘာ့ခေါင်းဆောင်များ ကတိပြု

COVID-19 ရောဂါကာကွယ်ဆေးနဲ့ ကုသဆေးတွေကို သုတေသနလုပ်ဖို့နဲ့ ထုတ်လုပ်ဖြန့်ချိဖို့ ရံပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈ ဘီလီယံပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက မေလ ၄ ရက်မှာ ကတိပြုလိုက်ပါတယ်။ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအပြင် ဗြိတိန်၊ နော်ဝေနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက ဒီရန်ပုံငွေအတွက် စီစဉ်ခဲ့တာဖြစ်ပြီး ဂျပန်၊ ကနေဒါ၊ တောင်အာဖရိကနဲ့ တခြား ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဒီညီလာခံကို အွန်လိုင်းကနေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် စတင်ရာလို့ ယုံကြည်ခံရတဲ့ တရုတ်နိုင်ငံကတော့ ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးကိုသာ ကိုယ်စားပြု တက်ရောက်စေခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်၊ ဘီလ်အန် မယ်လင်ဒါ ဂိတ်စ် ဖောင်ဒေးရှင်းနဲ့ ချမ်းသာတဲ့ သူကြွယ်ကြီးတွေရဲ့ အားထုတ်မှုနဲ့ ရံပုံငွေ မြှင့်တင်ဖို့ အစိုးရတွေက ရည်မှန်းထားခဲ့တာပါ။  COVID-19 ရောဂါ ကာကွယ်ဆေး ကုသဆေးနဲ့ ကုသနည်းတွေဖော်ထုတ်ဖို့ နာရီအနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံလှူမယ့်ကတိကို ရခဲ့တယ်လို့ ဥရောပကော်မရှင်အကြီးအကဲက အွန်လိုင်း ကတိပြုညီလာခံမှာ ပြောခဲ့ပါတယ်။  ဒေါ်လာ ၈ ဘီလီယံဟာ ကတိပြုမျှော်လင့်ချက်ကို ပြည့်မီပေမယ့် ကနဦး ကိန်းဂဏန်းသာဖြစ်ပြီး အချိန်နဲ့အမျှ ငွေတွေ ပိုလိုလိမ့်မယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေထဲမှာ ပေါ့ပ်အဆိုတော် မက်ဒေါနားက ယူရိုငွေ ၁ သန်းလှူမယ်လို့ ကတိပြုခဲ့ ကြောင်းလည်း သူက ပြောပါတယ်။  ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုမှာထည့်ဝင်ဖို့ အမေရိကန် အစိုးရက တော့ ငြင်းထားပါတယ်။ 
12 months Ago
Up