ကမ္ဘာ့ကျန်းမာရေးအဖွဲ့

January 31, 2021

ကိုဗစ်-၁၉ လူနာများကိုကုသရန် ကုထုံးအကြံပြုသစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထုတ်ပြန်

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံလူနာတွေကို ကုသဖို့ လက်တွေ့ ကုထုံးအကြံပြုချက်အသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်လိုက်ပါတယ်။ 

အကြံပြုချက်တွေထဲမှာ ပြန်နာလန်ထ ကျန်းမာလာအပြီး ထပ်တလဲလဲ ပြန်ပေါ်တတ်တဲ့ လက္ခဏာတွေကိုလည်း ဖော်ပြထားပြီး သွေးခဲတာ ဟန့်တားဖို့ အားပျော့တဲ့ သွေးကျဲဆေးတွေသုံးဖို့ကိုလည်း အကြံပြုထားတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ လူနာတွေ အိမ်ပြန်ရောက်ချိန်မှာ သွေးတွင်း အောက်စီဂျင်ပမာဏကို တိုင်းတဲ့ စက်ကို သုံးရမယ်၊ ဒါမှ အခြေအနေ ဆိုးရွားလာသလား၊ ဆေးရုံတက်ကုသခံရင် ပိုကောင်းမလားဆိုတာ သိနိုင်မယ်” လို့ WHO ပြောခွင့်ရ မာဂရက် ဟာရစ်က ဂျီနီဗာမြို့တော် ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ထဲမှာ ကာကွယ်ဆေးထုတ်ဖို့ နှောင့်နှေးနေတယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ကိုတော့ သူက ငြင်းပါတယ်။ 

သူ့မှာ တိကျတဲ့ သတင်းအချက်အလက် မရှိသေးဘဲ WHO ရဲ့ ထိပ်တန်း ဦးစားပေးက ဒီနှစ်ရဲ့ ပထမ ရက် ၁၀၀ မှာ နိုင်ငံအားလုံးက ကျန်းမာရေးလုပ်သားတွေ အားလုံး ကာကွယ်ဆေး ထိုးပြီးဖို့ပဲလို့ ပြောပါတယ်။

အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ ပူးတွဲပြီး ကာကွယ်ဆေးတီထွင်ခဲ့တဲ့ အက်စ်ထရာ ဇေနေကာ ကတော့ သဘောတူထားတဲ့ ပမာဏကို မတ်လကုန်မှာ ပံ့ပိုးနိုင်မှာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂကို သောကြာနေ့မှာ ပြောခဲ့ပါတယ်။

2 months Ago

WHO ဦးဆောင်သည့် စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ဆေးရုံကို သွားရောက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ ဇန်နဝါရီ ၃၀ ရက်က ဝူဟန်မြို့ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ 

အဲဒီဆေးရုံဟာ ကပ်ရောဂါ စဖြစ်ချိန်က ကိုဗစ်လူနာတွေကို ကုသပေးတဲ့ အဓိက ဆေးရုံတွေထဲကတခု ဖြစ်ပါတယ်။ 

ဒါဟာ စုံစမ်းရေးအဖွဲ့ရဲ့ ဒုတိယနေ့ ကွင်းဆင်းလေ့လာမှုဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် စုံစမ်းရေးအဖွဲ့ရဲ့ ဝူဟန်မြို့က အဆက်အသွယ်တွေကို တရုတ် အာဏာပိုင်တွေက လျှော့ချသွားမယ်လို့ WHO ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

လက်ကျန် သီတင်းနှစ်ပတ်အတွင်း စုံစမ်းရေးအဖွဲ့ဟာ ဓာတ်ခွဲခန်းတွေ၊ ဈေးတွေနဲ့ ဆေးရုံတွေကို လေ့လာဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့ ခရီးစဉ် အသေးစိတ်ကို မကြေညာပေမယ့် ကပ်ရောဂါ စဖြစ်ရာ ပင်လယ်စာဈေးနဲ့  ဝူဟန်ဗိုင်းရပ်စ်ဗေဒစင်တာကို သွားရောက်မယ်လို့  WHO  က ပြောထားပါတယ်။

WHO ဦးဆောင်တဲ့ ကပ်ရောဂါ ဇာစ်မြစ်စုံစမ်းရေးဟာ ကြန့်ကြာမှုတွေ၊ ဝင်ရောက်ခွင့်ရဖို့  စိုးရိမ်မှုတွေနဲ့ တရုတ်-အမေရိကန်ကြား ငြင်းခုံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ရိုက်တာက အစီရင်ခံပါတယ်။

2 months Ago

July 8, 2020

ကိုရိုနာဗိုင်းရပ်စ် လေထဲက ကူးစက်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု

ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ လေထဲကနေ ကူးစက်တဲ့ သက်သေတွေ ပေါ်ထွက်လာတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇူလိုင် ၇ ရက်မှာ အသိအမှတ်ပြုလိုက်ပါတယ်။  လူတွေကြားမှာ အသက်ရှူလမ်းကြောင်းရောဂါ ဘယ်လိုကူးစက်တယ်ဆိုတဲ့ လမ်းညွှန်ချက် နောက်ဆုံး အခြေအနေကို ရှင်းပြပြီး အသစ်ထုတ်ပြန်ပေးဖို့ သိပ္ပံပညာရှင် အုပ်စုတစုက WHO ကို တိုက်တွန်းအပြီးမှာ သတင်းစာ ရှင်းလင်းပွဲကနေ ခုလို ကြေညာလိုက်တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်ခံရဲ့ နှာခေါင်းနဲ့ ပါးစပ်တို့က ထွက်လာတဲ့ အရည်စက်သေးသေးလေးတွေဆီကနေတဆင့် ကူးစက်နိုင်တယ်လို့ WHO က အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ လေထဲမှာ လွင့်မျောနေတဲ့ ဗိုင်းရပ်စ်ပါတဲ့ အမှုန်လေးတွေကို ရှူသွင်းမိသူဟာ ကူးစက်ခံရနိုင်တယ်ဆိုတဲ့ သက်သေတွေကို နိုင်ငံပေါင်း ၃၂ နိုင်ငံက သိပ္ပံပညာရှင် ၂၃၉ ယောက်က ထင်ရှားအောင် ဖော်ထုတ်ပြခဲ့ပါတယ်။  အဲဒီအချက်ကိုလည်း လက်တွေ့ ကူးစက်ရောဂါများ ဂျာနယ်ထဲမှာ ဇူလိုင် ၆ ရက်က အိတ်ဖွင့်ပေးစာအဖြစ် ဖော်ပြခဲ့ပါတယ်။
9 months Ago
More News
Up