ဘန်နုလို့ နာမည်ပေးထားတဲ့ ဂြိုဟ်သိမ်ရဲ့ ကြမ်းတမ်းတဲ့ မျက်နှာပြင်ပေါ်ကို နာဆာရဲ့ အာကာသယာဉ်က ထိမိပြီး နေအဖွဲ့အစည်းစတင် မွေးဖွားချိန်ကတည်းက ရှိခဲ့တဲ့ ကျောက်တုံးနမူနာတွေကို ကမ္ဘာမြေဆီ ပြန်ယူလာနိုင်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။
မီနီဗန်ကားအရွယ်အစားရှိတဲ့ အာကာသယာဉ်ကို လော့ခ်ဟိဒ်မာတင်ကုမ္ပဏီက တည်ဆောက်ပြီး ၁၁ ပေ ရှည်တဲ့ စက်ရုပ်လက်တံက ဘန်နုဂြိုလ်သိမ်ရဲ့ မြောက်ဝင်ရိုးစွန်းကနေ ကျောက်ခဲတွေကို ကောက်ခဲ့တာပါ။
ဒါဟာ နာဆာ အာကာသအေဂျင်စီက ပထမဆုံးရတဲ့ သမိုင်းဦးခေတ်က ဂြိုဟ်သိမ် ကျောက်တုံးတွေလည်း ဖြစ်ပါတယ်။
ဒီနမူနာတွေကို အကဲဖြတ်ပြီးရင် ကျနော်တို့ဟာ ကြီးမြတ်တဲ့ သိပ္ပံရလဒ်တွေ အများကြီး ရလာဖို့ မျှော်လင့်ထားတယ်လို့လည်း စုံစမ်းစစ်ဆေးရေးခေါင်းဆောင် ဒန်တေလော်ရဲ့တာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘန်နုဂြိုဟ်သိမ်ဟာ ကမ္ဘာမြေနဲ့ မိုင်သန်း ၁၀၀ အကွာမှာ ရှိပြီး ကမ္ဘာဂြိုဟ်ရှိရာ နေအဖွဲ့အစည်းရဲ့ အစောပိုင်းရက်တွေတည်းက ဖွဲ့စည်းဖြစ်ပေါ်နေတဲ့ ဂြိုဟ်သိမ်လည်း ဖြစ်ပါတယ်။
ကမ္ဘာမြေပေါ်က သက်ရှိတွေရဲ့ အစအတွက် သဲလွန်စတွေ ရှိနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
ကမ္ဘာပေါ်ကို အစောပိုင်းက ပျက်ကျလာတဲ့ ဂြိုဟ်သိမ်တွေနဲ့ ကြယ်တံခွန်တွေဟာ သက်ရှိ ဒြပ်ပေါင်းတွေနဲ့ ရေကို သယ်လာပြီး ကမ္ဘာကြီး စတင်အသက်ဝင်လာတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။
ဘန်နုဂြိုဟ်သိမ်ဆီက ယူလာတဲ့ နမူနာတွေကို အက်တမ်အဆင့် အကဲဖြတ်ပြီးရင် အကြမ်းဖျင်း အဆိုအယူအဆကို ထောက်ပံ့နိုင်မယ့် အဓိကသက်သေတွေ ရနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago