ကမ္ဘာလုံး

May 2, 2021

ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ မြန်မာနှင့်ဂျပန် ၃၀၀၀ ခန့် ဆန္ဒပြ

မေ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီနေ့ကျင်းပခဲ့ပြီး တိုကျိုမြို့မှာလည်း မြန်မာလူငယ်တွေ ဦးဆောင်ကျင်းပခဲ့ပါတယ်။

တိုကျိုပွဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ စုစုပေါင်း ၃၀၀၀ လောက် တိုကျိုမြို့ ဂင်ဇာအနီးမှာ ၂ နာရီ နီးပါး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူ့အစိုးရအသစ် အမျိုးသားညီညွတ်ရေးအစိုး (NUG) ကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုရေးနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ပြုတ်ကျရေး အတွက် အခုလို ဟန်ချက်ညီညီပြည်တွင်းပြည်ပဆန္ဒထုတ်ဖော်ကြတာလို့လည်း တိုကျိုပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ မဆွေဆက်အေးက ဒီဗွီဘီကို ပြောပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ မြန်မာတွေအနေနဲ့ ဘယ်နိုင်ငံအရပ်ဒေသမှာ ရောက်နေပါစေ တစ်သွေးတည်းတစ်သားတည်းရှိကြောင်း ပြသချင်လို့နဲ့ နွေဦးတော်လှန်ရေးသူရဲကောင်းတွေကို ဂုဏ်ပြုချင်လို့ အခုလိုအင်္ကျီအနက်အရောင်တွေ ဆင်တူဝတ်ဆင်ပြီး ပါဝင်တာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုရန်ပိုင်ဦးက ပြောပါတယ်။

ချီတက်ပွဲကို လာရောက်တဲ့ ဂျပန်အထက်လွှတ်အမတ် မစ္စတာအီရှိဘရှိကလည်း သူအနေ့နဲ့ ဂျပန်အစိုးရက NGU အစိုးရကို အသိအမှတ်ပြုဆက်ဆံလာအောင် လွှတ်တော်မှတဆင့် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

2 weeks Ago
Up