ကမ္ဘာကြီး အပူချိန်မြင့်တက်မှု

October 27, 2021

ကမ္ဘာကြီး အပူချိန်မြင့်တက်မှု ကန့်သတ်ရေး လမ်းကြောင်းလွဲနေဟု ကုလ WMO သတိပေး

ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းဆဟာ ၂၀၂၀ မှာ စံချိန်သစ်တင်ခဲ့ပြီး ကမ္ဘာကြီးဟာ အပူချိန် မြင့်တက်မှုကို ကန့်သတ်ရေး ပန်းတိုင်ကို ရောက်ဖို့ လမ်းကြောင်းလွဲနေပြီလို့ ကုလသမဂ္ဂ မိုးလေဝသ အေဂျင်စီ (WMO) က အောက်တိုဘာ ၂၅ ရက်မှာ သတိပေး ပြောလိုက်ပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ယာယီကျဆင်းပေမဲ့ ကျန်ခဲ့တဲ့ ဆယ်စုနှစ်က ပျမ်းမျှနှုန်းထက် ပိုမြင့်နေပြီး ၂၀၂၀ မှာ လေထုအတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ပမာဏဟာ ၄၁၃ ဒသမ ၂ ppm ထိ မြင့်တက်နေတယ်လို့ WMO က အစီရင်ခံပါတယ်။

WMO ရဲ့ အတွင်းရေးမှူးချုပ် ပတ်တေရီတားလက်စ်က “အဓိက ဖန်လုံအိမ်ဓာတ်ငွေ့တွေ ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနဲ့ နိုက်ထရပ်စ်အောက်ဆိုဒ် ၃ မျိုး ထုတ်လွှတ်မှုမှာ ထပ်ပြီး စံချိန်ချိုးခဲ့ပြီးပြီ။ ဒီအဖျက်သဘောဆောင်တဲ့ လမ်းကြောင်းဟာ ကျနော်တို့ ဆယ်စုနှစ်ချီ လေ့လာခဲ့ပြီး ဒီနှစ်မှာလည်း ဆက်လုပ်နေဆဲပဲ”လို့  ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ ကျင်းပမယ့် ကမ္ဘာ့ရာသီဥတုညီလာခံမှာ ကတိတွေ တိုးပြုကြဖို့ကိုလည်း သူက ​​ဆော်ဩပါတယ်။

နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်တွေဟာ ဂလက်စ်ဂေါမြို့မှာတွေ့ဆုံပြီး ပါရီ သဘောတူညီချက်အောက်မှာ ကမ္ဘာကြီး ပူနွေးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အားဖြည့် အရေးယူ ဆောင်ရွက်ရေး အမြင်တွေကို ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

3 months Ago
Up