ကမ္ဘာကြီးပူနွေးမှု

February 21, 2020

လေထုထဲ ကာဗွန်များဖယ်ရှားပြီး ရေခဲအရည်ပျော်မှု နှေးအောင်လုပ်ရန် သြစတြေးလျ သိပ္ပံပညာရှင် ပြော

ကမ္ဘာကြီးပူနွေးမှုက အန္တာတိကရေခဲပြင်ကို ထုနဲ့ထည်နဲ့ အရည်ပျော်စေပြီး  လေထုထဲက ကာဗွန်တွေကို ဖယ်ရှားပစ်တာက ရေခဲအရည်ပျော်ဖြစ်စဉ်ကို နှေးအောင် လုပ်ဆောင်တဲ့ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သြစတြေးလျ ရာသီဥတုသိပ္ပံပညာရှင်က ပြောလိုက်ပါတယ်။ အန္တာတိကတိုက်ရဲ့  စံချိန်တင်အပူဆုံး   ၁၈ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်ကို  ဖေဖော်ဝါရီလ ၆ ရက်က အဲဒီမှာရှိတဲ့ သုတေသနစခန်းမှာ တိုင်းတာရရှိခဲ့ပါတယ်။ ပိုမိုပူပြင်းတဲ့ အပူချိန်တွေဆက်ရှိမယ်ဆိုရင် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာကို အလွန်အကျွံဖြစ်စေနိုင်ပါတယ်။   မကြာသေးခင်က လူသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ကမ္ဘာကြီးဟာ ပိုမိုပူနွေးလာပြိး အကျိုးဆက်အနေနဲ့ အန္တာတိက တိုက်မှာရှိတဲ့ ရေခဲပြင် အများအပြား အရည်ပျော်လာတယ်လို့ ယူးဆောက်ဝေးတက္ကသိုလ် သုတေသီ ဇိုး သောမတ်စ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။  “ကျမတို့တွေ့ရတာတော့ အနောက်အန္တာတိကရေခဲလွှာကနေ စပြီး အရည်ပျော်တာပေါ့။ ကျမတို့ အဆင့်တခုကို ရောက်ချိန်မှာ အရည်မပျော်အောင် ကြိုးပမ်းပေမယ့်လည်း ဆက်အရည်ပျော်နေမှာ ဖြစ်ပါတယ်” လို့ နယူးဆောက်ဝေးတက္ကသိုလ် သုတေသီ ဇိုး သောမတ်စ်က ပြောခဲ့ပါတယ်။  “ရေခဲလွှာအရည်ပျော်တာနဲ့ တဖြည်းဖြည်းချင်း လူတွေ နေရာပျောက်ကုန်လိမ့်မယ်။ ကျွန်းငယ်ဒေသတွေမှာ အဲဒီလို ဖြစ်နေပြီဆိုတာ ကျွန်မတို့ သိပါတယ်။ ဒါက တဖြည်းဖြည်း ဆက်ဖြစ်နေပြိး ဒီရေတက်ချိန်မှာလည်း နေအိမ်တွေ ရေလွှမ်းခံရလိမ့်မယ်။  နောက်တော့ သာမန် ဒီရေတက်ချိန်ပေါ့။ အဲဒီနောက်ပိုင်း ဒီရေကျချိန်မှာတောင် ရေလွှမ်းတာတွေ ကြုံရပါလိမ့်မယ်”လို့ သုတေသီ ဇို သောမတ်စ်က ရှင်းပြခဲ့ပါတယ်။  ဒီလို ရေခဲအရည်ပျော်ဖြစ်စဉ်ကို နှေးကွေးစေဖို့ လေထုထဲမှာရှိတဲ့ ကာဗွန်တွေကို ဖယ်ရှားခြင်းကသာ တခုတည်းသောနည်းလမ်း ဖြစ်တယ်လို့လည်း သုတေသီ ဇိုး သောမတ်စ်က အကြံပြုခဲ့ပါတယ်။ 
1 year Ago
Up