ကမမောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

August 2, 2018

ကမမောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

ကရင်ပြည်နယ်၊ ကမမောင်းမြို့ အမှတ် ၁ ရပ်ကွက်ဖြစ်တဲ့ ကော့ကရက်ကျေးရွာနဲ့ လွှစဉ်ကျေးရွာ နှစ်ရွာမှာရေနစ်မြုပ်နေတာ တပတ်ကျော်ကြာနေပြီဖြစ် ကူညီကယ်ဆယ်မှုတွေ မရောက်သေးလို့ ရွာသားတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေပါတယ်။ အဆိုပါရေနစ်မြုပ်နေတဲ့ ကရင်လူမျိုးတွေနေထိုင်တဲ့ရွာမှာ အိမ်ခြေ ၁၂ဝ ရှိပြီး ဗမာလူမျိုးတွေနေထိုင်တဲ့ကျေးရွာမှာတော့ အိမ်ခြေ ၁၇ဝ ရှိပါတယ်။ အဆိုပါကျေးရွာတွေမှာ ရေကြီးနစ်မြုပ်နေတာ ၈ ရက်ရှိပြီဖြစ်ပေမယ့် အကူညီတွေ မရသေးဘူးလို့ ဖပွန်မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးတေဇနိယက မိန့်ပါတယ်။ “အကူအညီတွေကတော့ မရဘူးလေ။ ရေစကြီးကတည်းက ဒီမှာ ဆန်တပြည်တခါ လာပေးတယ်။ တခါပဲ။  တအိမ်ထောင်တပြည်၊ အခုဘာမှဆက်မလာဘူး။ ဒီမှာရွာသားတွေ ဒီလိုပဲ ရွာလည်နေတယ်။ ဘယ်မှသွားမတတ်လာမတတ်၊တချို့လည်းတနေ့လုပ်တနေ့စား ဒုက္ခရောက်နေတာပါ့။ ” ကမမောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစောနေဝင်းကတော့ အမှတ် ၁ ရပ်ကွက်မှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားပေမယ့် ကယ်ဆယ်ရေးစခန်းကို လာနေတဲ့သူမရှိဘူးလို့ ပြောပါတယ်။ “ ကယ်ဆယ်ရေးစခန်းကို စာသင်ကျောင်းမှာဖွင့်ပေးတယ်။ ဖွင့်ပေးတဲ့အခါမှာ သူတို့က အဲဒီကယ်ဆယ်ရေးစခန်းကိုမလာဘဲနဲ့  နီးစပ်ရာအိမ်မှာပဲ နေနေကြတယ်လေ။ ပြီးတော့လည်း နည်းနည်းလေးလှမ်းတာပေါ့နော်။ သွားမယ်ဆိုလို့ရှိရင်လည်းပဲ ရေလမ်းကပဲသွားလို့ရမှာဖြစ်တဲ့ အတွက်  စခန်းထဲမှာ စုစုစည်းစည်းသာလာပြီးတော့နေမယ်ဆိုရင်တော့ ကူညီကယ်ဆယ် ရေး အဖွဲ့က တော်တော်လေးကို အဆင်ပြေအောင်လုပ်ပေးနိုင်မယ့် အနေအထားရှိတောပါ့။ မလာကြပေမယ့်လို့ အန်အယ်ဒီအဖွဲ့က သူတို့ကို ဆန်အိတ်တော့ ပေးလိုက်တယ်။ ဒါပေမယ့်ပြည်မှီ လုံလောက်တဲ့အနေအထားမရှိဘူးပေါ့။  ” လတ်တလောမှာတော့ ကော့ကရက်ကျေးရွာနဲ့ လွှစဉ်ကျေးရွာအတွက် အလှူရှင်တဦးက ဆန်အိတ် ၆ဝ ကိုလှူဒါန်းထားသလို မြို့အုပ်ချုပ်ရေးအပိုင်းကလည်း သူတို့ကို အားလူ၊ ဆန်၊ဆီ ၊ ဆားတွေ ဝေပေးထားတယ်လို့ ကမမောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာကပြောပါတယ်။ ကမမောင်းမြို့မှာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီးနောက် အခုတခေါက်ရေပြန်ကြီးလာတာဖြစ်ပါတယ်။   ဒီကနေ့မှာတော့ ရေကျဆင်းသွားပြီဖြစ်ပေမယ့် ရေဘေးကယ်ဆယ်ရေး ကယ်ဆယ်ရေး ယာယီစခန်း ၁ခုမှာ လူပေါင်း ၄၅၀  လောက် ခိုလှုံနေကြဆဲဖြစ်ပါတယ်။
3 years Ago
Up