ကမ္ဘာ့ အရပ်အပုဆုံးအမျိုးသမီးနှင့်

January 28, 2018

ကမ္ဘာ့ အရပ်အပုဆုံးအမျိုးသမီးနှင့် အရပ်ရှည်ဆုံးအမျိုးသား ဓာတ်ပုံ တွဲရိုက်

ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသားနဲ့ အပုဆုံးအသေးဆုံးအမျိုးသမီးတို့ အီဂျစ်မှာ တွေ့ဆုံပြီး ထူးခြားဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။ သူတို့ ၂ ဦးကြားက ကွဲပြားမှုကို ဓာတ်ပုံတပုံထဲမှာ ကြည့်ရတာ အံ့သြစရာဖြစ်နေပြီး အပုဆုံးအမျိုးသမီး အမ်ဂီရဲ့ခန္ဓာကိုယ်အရွယ်အစားက ကိုစန်ရဲ့ ခြေထောက်အရွယ်အစား ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဂရင်းနစ်စံချိန်မှတ်တမ်းအရ တူရကီနိုင်ငံက စူလတန်ကိုစန် အသက် ၃၅ နှစ်က အရပ် ၈ ပေ ၁ လက်မနဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီး ဂျိုတီအမ်ဂီ အသက် ၂၄ နှစ်က အရပ် ၂ ပေ အရှည်နဲ့ အပုဆုံးအမျိုးသမီးလို့ သိရပါတယ်။ သူတို့ ၂ ဦးစလုံးက ၂၀၁၁ ခုနှစ်မှာ ဂရင်းနစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အီဂျစ်နိုင်ငံ ခရီးသွားမြှင့်တင်ရေးဘုတ်အဖွဲ့က ဖိတ်ခေါ်လို့ သူတို့ ၂ ဦး အီဂျစ်နိုင်ငံ ပိရမစ်တွေရှေ့ ဓာတ်ပုံရိုက်ခဲ့ကြပြီး သူတို့ ၂ ဦး အရမ်းပြုံးကာ ဘေးချင်းယဉ် ရိုက်ထားလို့ သူတို့ ၂ ဦးရဲ့ ခြားနားချက်တွေကို မြင်ရပါတယ်။ ကိုစန်က နှစ် ၂၀ ကျော်အတွင်း ကမ္ဘာ့အဖွဲ့ကြီးရဲ့ ပထမဆုံးတိုင်းတာ မှတ်တမ်းတင်သူဖြစ်ခဲ့ပြီး ဂရင်းနစ်မှတ်တမ်းသမိုင်းမှာ စုစုပေါင်း လူ ၁၀ ဦးသာ အရပ် ၈ ပေ ဒါမှမဟုတ် ၈ ပေ အထက်အထိ ရှိခဲ့တယ်လို့ ဂရင်းနစ်မှတ်တမ်းအဖွဲ့ ကြီးက ပြောပါတယ်။ ကိုစန်က ကမ္ဘာ့အကြီးဆုံး လက်ပိုင်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး သူ့ကို ဂရင်းနစ်မှတ်တမ်းထဲ ထည့်သွင်းကြေညာချိန် “ကျနော့်ကို စာအုပ်ထဲမှာ မှတ်တမ်းတင်ခံရမယ်လို့ ဘယ်တုန်းကမှ စိတ်မကူးဖူးဘူး ဒါကို စိတ်ကူးယဉ်ဖူးတယ် ဒါပေမယ့် ဒီလိုမှတ်တမ်းတင်ခံရတာက ခုချိန်ထိ အရမ်းအံ့သြစရာပဲ” လို့ ကိုစန်က ပြောပါတယ်။ သူဒီလို အရပ်အရမ်းရှည်တာက ကြီးထွားတဲ့ဟိုမုန်းတွေ ပိုမိုထုတ်တာကြောင့်ဖြစ်ပြီး အမ်ဂီကတော့ သူမ အသက် ၁၈ နှစ်အရွယ်မှာ ကိုယ်အလေးချိန် ၅ ကီလိုဂရမ်နဲ့ ကမ္ဘာ့အပုဆုံး စာရင်းဝင်ခဲ့တာပါ။ သူမက အက်ခွန်ဒရိုပလာစီယာ (achondroplasia) ရောဂါလို့ ခေါ်တဲ့ ခန္ဓာကိုယ် ပုံမှန်မကြီးထွားတဲ့ ရောဂါဖြစ်နေပြီး အရပ်ထပ်မရှည်လာတော့တာပါ။ ဒါကြောင့် သူမရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ပန်းကန်တွေလိုမျိုး အင်္ကျီတွေအားလုံးကလည်း အပ်နှံမှာယူရတယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၂၇ ရက်က ဖော်ပြထားပါတယ်။
3 years Ago
Up