ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံကို လေ့လာဆန်းစစ်ထားတဲ့ သုတေသန ရလဒ်တွေအရ ဒိန်းမတ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့ပျော်ရွှင်မှုအရှိဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ကုလသမဂ္ဂအဖွဲ့က မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒိန်းမတ်နိုင်ငံအနေနဲ့ ဒုတိယအကြိမ်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကာ သူ့ရဲ့နောက်မှာတော့ ဒုတိယနဲ့ တတိယ ပျော်ရွှင်မှုအရှိဆုံး နိုင်ငံတွေအဖြစ် ဆွစ်ဇာလန်နိုင်ငံ၊ အိုက်စလန်နိုင်ငံတို့ ရှိနေခဲ့တာပါ။
ဒါဟာ နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှုစံနှုန်းပေါ် မူတည်ပြီး လေ့လာ သုတေသနပြုထားတဲ့ ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ စစ်တမ်းအရ တွက်ချက်ထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့က ပျော်ရွှင်မှုဆိုင်ရာ အညွှန်းကိန်းကို အချက်အလက် ၆ ခုပေါ် မူတည်ပြီး နိုင်ငံသားတွေကို မေးမြန်း စစ်တမ်းရယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအချက်တွေကတော့ တဦးချင်းဝင်ငွေ (ဂျီဒီပီ)၊ လူမှုရေးအထောက်အပံ့၊ ကျန်းမာပျော်ရွှင်တဲ့ မျှော်မှန်းသက်တမ်း၊ လူမှုရေးဆိုင်ရာ လွတ်လပ်ခွင့်၊ သဘောထားကြီးမြင့်မှုနဲ့ အဂတိလိုက်စားမှု ကင်းရှင်းခြင်း စတာတွေ ဖြစ်ပါတယ်။
မနှစ်ကတော့ ပထမအဆင့်နေရာမှာ ဆွစ်ဇာလန်နိုင်ငံက ရှိနေခဲ့တာဖြစ်ပြီး ခုနှစ်မှာ တဆင့်နိမ့်ကျသွားခဲ့တာပါ။
ကနေဒါနိုင်ငံကတော့ ကမ္ဘာ့အပျော်ရွှင်ဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲ ပါဝင်တဲ့ တခုတည်းသော အမေရိကနိုင်ငံ တနိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံကတော့ အဆင့် ၁၃ နေရာမှာ ရှိနေတာပါ။
သမုဒ္ဒရာနိုင်ငံတွေဖြစ်တဲ့ သြစတြေးလျနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတွေကတော့ ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။
အာရှနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံဟာ အာရှအဆင့် ၁ ဖြစ်ပေမယ့် ကမ္ဘာ့အဆင့် ၂၂ နေရာမှာ ရပ်တည်နေပါတယ်။
အာရှနိုင်ငံတွေထဲက ဂျပန်နိုင်ငံ အဆင့် ၅၃၊ ကိုရီးယားနိုင်ငံ အဆင့် ၅၈ နဲ့ တရုတ်နိုင်ငံ အဆင့် ၈၃ နေရာတွေမှာ အသီးသီး ရှိနေကြပြီး မြန်မာနိုင်ငံကတော့ အဆင့် ၁၁၉ နေရာမှာ ရှိနေတာပါ။
ကုလသမဂ္ဂအဖွဲ့အနေနဲ့ ခုလို ကမ္ဘာ့နိုင်ငံတွေရဲ့ ပျော်ရွှင်မှုဆိုင်ရာ ညွှန်ကိန်းတွေကို ၂၀၁၂ ခုနှစ်ကတည်းက စတင်သုတေသနပြု ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအချက်အလက်တွေဟာ နိုင်ငံအသီးသီးရဲ့ အစိုးရပေါ်လစီတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ ပျော်ရွှင်မှုကို စံတခုအဖြစ် သတ်မှတ်လာစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
6 years Ago