ကမ္ဘာ့အကောင်းဆုံးနည်းပြ

September 1, 2018

ကမ္ဘာ့အကောင်းဆုံးနည်းပြတဦးအဖြစ် ရှိနေဆဲဟု မော်ရင်ဟို ပြော

ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တဦးဖြစ်နေဆဲပဲလို့ မန်ချက်စတာယူနိုက်တက် နည်းပြ မော်ရင်ဟိုက ဂျာမန်အတွေးအခေါ်ပညာရှင်ဟီဂယ်ရဲ့အဆိုကို ကိုးကားပြောဆိုခဲ့ကြောင်း The Guardian သတင်းမှာ ဖော်ပြပါတယ်။ ယူနိုက်တက်နည်းပြဖြစ်ရတာ ဘယ်လိုလဲဆိုတဲ့ သတင်းထောက်တစ်ယောက်ရဲ့အမေးကို မော်ရင်ဟိုက သူဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တသင်းရဲ့ နည်းပြဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြအချို့ထဲက တယောက်ဖြစ်တယ်လို့ ပြောခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲကစားပြီးချိန်မှာ နှစ်ပွဲအထိ ရှုံးနိမ့်ထားပြီး နည်းပြမော်ရင်ဟိုဟာလည်း ယူနိုက်တက်နည်းပြသက်တမ်းမှာ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဖိအားတွေအောက်မှာ ရောက်နေတဲ့ မော်ရင်ဟိုဟာ မီဒီယာတွေရဲ့ ပစ်မှတ်ထားတာကို ခံနေရပြီး တော့တင်ဟမ်အသင်းကို ရှုံးနိမ်ခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း သူ့ကို လေးစားကြဖို့ မီဒီယာတွေကို တောင်းဆိုခဲ့ပါတယ်။ မော်ရင်ဟိုဟာ မတူညီတဲ့ နိုင်ငံလေးခုကနေ လိဂ်ဖလား ရှစ်ခုကို ဆွတ်ခူးထားနိုင်သူဖြစ်ပေမယ့် လိဂ်ဖလားမရတာ သုံးနှစ်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအနေအထားကို သတင်းထောက်က မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး သူက ဟီဂယ်ရဲ့ ဒဿနကို ကိုးကားပြီး ပြန်လည်ဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူက ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်မှာ အဆင့်သုံး၊ လေးရခဲ့တဲ့ နည်းပြတွေကို ဘာလို့ ဒီမေးခွန်း မမေးတာလဲလို့လည်း သတင်းထောက်ကို ပြန်လည်မေးခွန်းထုတ်ခဲ့ပါသေးတယ်။ ဒါဟာ လီဗာပူးလ် အသင်းနည်းပြဖြစ်သူ ယာဂန်ကလော့ဂ်နဲ့ တော့တင်ဟမ်အသင်းနည်းပြ ပိုချက်တီနိုတို့ကို ရည်ရွယ်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ မော်ရင်ဟိုဟာ တော့တင်ဟမ်အသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုလည်း ပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ယူနိုက်တက်က တော့တမ်ဟမ်အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက် စပါးပရိသတ်တွေက “မင်းက တနင်္လာနေ့မှာတော့ စပါယ်ရှယ်ဝမ်းမဟုတ်တော့ဘူး” ဆိုပြီး သံပြိုင် သီိဆိုကာ မော်ရင်ဟိုကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီအပေါ် မော်ရင်ဟိုက “လွန်ခဲ့နှစ်လ အက်ဖ်အေဆီမီးဖိုင်နယ်မှာ သူတို့ကိုနိုင်တော့ ယူနိုက်တက်ပရိသတ်တွေက  စပါယ်ရှယ်ဝမ်းဆိုပြီး သံပြိုင်သီဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘယ်တော့တမ်ဟမ်ပရိသတ်တွေမှ အခုလို သီဆိုတာမရှိခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက အက်ဖ်အေဖလားဟာ သူတို့အများကြီးမျှော်လင့်ထားတဲ့ ဖလားပဲဖြစ်ပါတယ်” လို့ ပြန်လည်ချေပသွားခဲ့ပါတယ်။
3 years Ago
Up