ကမ္ဘာ့အထူးခြားဆုံး

April 6, 2019

ကမ္ဘာ့အထူးခြားဆုံး ယာဉ်မောင်းလိုင်စင်နှင့် ကြုံခဲ့ရသည့် တရုတ်ယာဉ်ထိန်းရဲ

တရုတ်နိုင်ငံ လျိုဇူးမြို့က ယာဉ်ထိန်းရဲတွေဟာ သူတို့လုပ်သက်တလျောက် အထူးခြားဆုံးနဲ့ ရယ်စရာ အကောင်းဆုံး ယာဉ်မောင်းလိုင်စင်တခုကို မတ်လ ၃၁ ရက်က အမှတ်မထင် ရှာတွေ့ခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ယာဉ်ထိန်းရဲတွေဟာ မတ်လ ၃၁ ရက်က မြို့တွင်းလမ်းမပေါ်က ယာဉ်တွေကို ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ငွေရောင် ဆိုင်ကယ်တစီးကို စစ်ဆေးဖို့ တားခဲ့ပါတယ်။ အဲဒီနောက်မှာ ယာဉ်မောင်းဆီက ယာဉ်မောင်းလိုင်စင်ကို တောင်းယူခဲ့ပြီး လိုင်စင်ကို မြင်တွေ့ခဲ့ရချိန်မှာတော့ သူတို့အားလုံး အံ့သြမှင်သက်ခဲ့ရပါတယ်။ အကြောင်းကတော့ လိုင်စင်ဟာ တရားဝင်လိုင်စင်ရုံးကနေ ထုတ်ပေးထားတဲ့ ပုံစံမဟုတ်ဘဲ လိုင်စင်အတွင်း လိုအပ်တဲ့ အချက်အလက်တွေကို ယာဉ်မောင်းကိုယ်တိုင်လက်နဲ့ ရေးထားတဲ့ စာရွက်အပိုင်းအစတခု ဖြစ်နေလို့ပါပဲ။ တန်လို့ခေါ်တဲ့ ယာဉ်မောင်းက ဒီလိုင်စင်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်ပေးခဲ့တာဖြစ်ပြီး သူ့လုပ်ရပ်ကြောင့် ရဲတွေကပြန်ပြီး အံ့သြသင့်ခဲ့ရပါတယ်။ တန်ဟာ သူ့ရဲ့လိုင်စင်မှာ တကယ့်လိုင်စင်အစစ်လိုမျိုး ဓာတ်ပုံတွေ တခြားသော စာတွေအားလုံးကို ထည့်သွင်းထားပေမယ့် သူ့လိုင်စင်က သာမာန် စက္ကူတရွက်ပေါ်မှာ လက်ရေးနဲ့ ရေးထားတဲ့ စက္ကူလိုင်စင်လေး ဖြစ်နေတာကြောင့် ရဲတွေကို ငိုအားထက် ရယ်အားသန်စေခဲ့ တာပဲဖြစ်ပါတယ်။ “ကျနော် ယာဉ်ထိန်းသက်တမ်းတလျှောက်မှာ ဒီလိုလိုင်စင်မျိုး တခါမှ မတွေ့ဖူးပါဘူးဗျာ။ သူများတွေအတုလုပ်ရင် အစစ်နဲ့ တတ်နိုင်သလောက် တူအောင်လုပ်ကြပေမယ့် သူ့လိုင်စင်တု ကတော့ အံ့ဖွယ်ပါပဲ” လို့ တန်ကိုဖမ်းဆီးခဲ့တဲ့ ရဲတဦးကပြောပါတယ်။ ရဲတွေက ဒီလိုလိုင်စင်အတု လုပ်ရတဲ့အကြောင်းကို စစ်ဆေးရာမှာလည်း တန်က “သူလိုင်စင်ရုံးမှာ တရားဝင်လိုင်စင်သွားလုပ်ရမှာကို ပျင်းတာရယ်၊ ပိုက်ဆံမကုန်ချင်တာရယ်ကြောင့် ဒီလိုလုပ်ရတာလို့” ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို တရုတ်သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပြီး တန်ရဲ့ စက္ကူလိုင်စင်ပုံကိုလည်း တင်ခဲ့တာကြောင့် ဒါဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ အရမ်းကို ရေပန်းစားတဲ့ အကြောင်းအရာတခုဖြစ်လို့ နေပါတယ်။ လက်ရှိအချိန်မှာ တန်ရဲ့ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး သူ့ကို တရုတ်နိုင်ငံရဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဌာနကလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
2 years Ago
Up