ကမ္ဘာ့လူသား ၈၀ ရာခိုင်နှုန်းကျော်က ဒုက္ခသည်များကို လက်ခံရန် ဆန္ဒရှိ

May 20, 2016

ကမ္ဘာ့လူသား ၈၀ ရာခိုင်နှုန်းကျော်က ဒုက္ခသည်များကို လက်ခံရန် ဆန္ဒရှိ

ကမ္ဘာ့လူသားအများစုဖြစ်တဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ဒုက္ခသည်တွေကို သူတို့နိုင်ငံတွေမှာ လက်ခံလိုကြပြီး သူတို့ရဲ့နေအိမ်မှာတောင် လက်ခံထားရှိဖို့ ဆန္ဒရှိကြတယ်လို့ ကမ္ဘာတ၀န်း ကောက်ခံတဲ့ စစ်တမ်းတခုမှာ တွေ့ရှိရပါတယ်။ Amnesty International အဖွဲ့ကြီးရဲ့ ကမကထလုပ် ကောက်ခံခဲ့တဲ့ စစ်တမ်းမှာ တရုတ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံ ၃ နိုင်ငံကတော့ ကမ္ဘာ့ဒုက္ခသည်တွေကို လက်ခံကြိုဆိုတဲ့ ထိပ်တန်း ၃ နိုင်ငံ ဖြစ်တယ်လို့ စစ်တမ်းက ဆိုပါတယ်။ ဒုက္ခသည်တွေအပေါ် အမြင်အဆိုးဆုံးရှိတဲ့ နိုင်ငံတွေကတော့ ရုရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ဖြစ်တာ တွေ့ရှိရပါတယ်။ ကမ္ဘာ့တိုက်ကြီး အသီးသီးမှာရှိတဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံက နိုင်ငံသား ၂၇၀၀၀ ကျော်ကို မေးမြန်း စစ်တမ်းကောက်ခံခဲ့တာပါ။ သူတို့အနေနဲ့ ဒုက္ခသည်တွေကို သူတို့အိမ်ထဲမှာ လက်ခံမယ်ဆို လက်ခံနိုင်မလား၊ သူတို့မြို့ရွာ၊ သူတို့နိုင်ငံ စတာတွေမှာ လက်ခံနိုင်မလား၊ ဒါမှမဟုတ် လုံးဝ လက်မခံလိုဘူးလားဆိုတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့ကြတာပါ။ တရုတ်နိုင်ငံကတော့ ရမှတ်အားလုံး ၈၅ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ၄၆ ရာခိုင်နှုန်းကတော့ သူတို့အိမ်မှာတောင် ခေါ်ယူ လက်ခံထားချင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။ ၆ ရာခိုင်နှုန်းကတော့ တရုတ်နိုင်ငံထဲ အ၀င်မခံနိုင်ဘူးလို့ ဖြေဆိုပါတယ်။ ဂျာမနီနိုင်ငံကတော့ ၈၄ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ပြီး ၃ ရာခိုင်နှုန်းကတော့ ဒုက္ခသည်တွေ နိုင်ငံထဲဝင်ရောက်ခွင့် မပေးချင်ကြပါဘူး။ ဗြိတိန်နိုင်ငံကတော့ ၈၃ ရာခိုင်နှုန်းနဲ့ တတိယအဆင့်မှာရှိပြီး ၁၁ ရာခိုင်နှုန်းကတော့ ဒုက္ခသည်တွေကို ငြင်းဆန်ကြပါတယ်။
6 years Ago
Up